Banna Event Organization ကနေ စီစဉ်တဲ့ “Barefoot Dance Party Festival” လို့ အမည်ရတဲ့ မိုးရာသီ “ခြေဗလာကပွဲ” ကို ဇွန်လ ၃ ရက်နေ့ကနေ ၄ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့နယ်၊ ဂေါ်ရန်ဂျီကျွန်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဇွန်လ ၂ ရက်နေ့၊ ရန်ကုန်မြို့ကနေ ည ၇ နာရီ စတင်ထွက်ခွာမှာဖြစ်ပြီး ဇွန်လ ၃ ရက်နေ့ မနက် ဂေါ်ရန်ဂျီကျွန်းကို ရောက်ရှိမှာဖြစ်ပါမယ်။ မနက်ပိုင်းကမ်းခြေမှာ ရေကူး၊ ရေကစားခြင်းများနဲ့ ကျွန်းတွေမှာ Snorkeling လုပ်ဖို့ အချိန်ပေးထားမှာဖြစ်ပြီး ခြေဗလာကပွဲကိုတော့ နေ့လည် ၁ နာရီ စတင်မယ်လို့ သိရပါတယ်။
“ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မိုးရာသီမှာဆိုရင် လူတွေက ဘယ်မှသွားစရာ မရှိကြဘူး။ အဲဒါက တကြောင်း၊ နောက်တခုက ခရီးသွားရင်းနဲ့ Adventure လည်း လုပ်လို့ရမယ်။ တပြိုင်နက်တည်းမှာ ပါတီလည်း ဆင်နွှဲလို့ရမယ်။ ဒီပွဲက များသောအားဖြင့် နိုင်ငံခြားသားတွေ သွားတာများတယ်။ ဒီတခေါက် မြန်မာတွေအတွက်ပါ အတွေ့အကြုံသစ်ရအောင် စီစဉ်ထားပါတယ်” လို့ Banna Event Organization ရဲ့ Co-founder မဇာနည်ကျော်က ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး “ညီမတို့က ဒီလိုပွဲမျိုးတွေ Out of Town (ရန်ကုန်အပြင်မှာ) လုပ်တယ်။ Jungle လို နေရာမျိုးတွေ၊ ကမ်းခြေလိုနေရာမျိုးတွေမှာ လုပ်တယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အတွင်းမှာ စလုပ်ခဲ့တယ်။ ခြေဗလာအကကတော့ သဘောပြောရရင် European မှာ ကတဲ့ အကပေါ့။ သူတို့ဆီမှာ ကျွန်းတွေမှာ ကကြတယ်။ ကပွဲမှာ ဖိနပ်မစီးကြဘူး၊ လွတ်လွတ်လပ်လပ် ကခုန်ကြတယ်” လို့ သူက ဆိုပါတယ်။
၁၀ နာရီကျော် ကြာမယ့် ကပွဲအတွင်းမှာ DJ Emj မှ Deep House Music, Germany Lady Rubi မှ ထူးခြားတဲ့ Trippy Techno music တို့နဲ့ ဖျော်ဖြေသွားမှာဖြစ်ပြီး ညပိုင်းရောက်ရင်တော့ DJ Rubi နှင့် Finland နိုင်ငံမှ DJ Haemaerae တို့က Trance Music စတဲ့ Electro Music DJ တေးသွားများနဲ့ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
အဆိုပါ ခြေဗလာကပွဲ ခရီးစဉ်ကို အများဆုံး လူအယောက် ၄၀ ခန့် သွားရောက်နိုင်ဖို့ စီစဉ်ထားပြီး ဂေါ်ရန်ဂျီကျွန်း၊ G7 Plage ဘန်ဂလိုများမှာ တည်းခိုမယ်လို့ သိရပါတယ်။ Adventure အစီအစဉ်များ အနေနဲ့ ကျွန်းပတ်ခရီးစဉ်များ၊ Snorkeling ပြုလုပ်ခြင်းများ၊ Trekking လျှောက်ခြင်းများ ပါဝင်တယ်လို့ သိရပါတယ်။
“အရင်တုန်းက ညီမတို့ ဂွဘက်၊ ရခိုင်ကမ်းခြေမှာမှာ ဒီလိုပွဲမျိုး တခါလုပ်ဖူးတယ်။ ငပလီ မရောက်ခင် ကမ်းသာယာဆိုတဲ့ ကမ်းခြေတခုရှိတယ်။ အဲဒီမှာ ညီမတို့ Campaign သဘောမျိုး သွားတာပေါ့။ Campaign ဆိုတာ နေ့ခင်းမှာ Adventure သဘောမျိုး၊ ညီမတို့ နေ့ခင်းမှာ Snorkeling တို့ ဘာတို့ လုပ်တယ်။ ပြီးတော့ Water Sport တွေ ကစားတယ်။ ညဘက် Tent ထိုးပြီး မီးပုံပွဲတို့ Live Music Band ပါတယ်၊ ညဘက်ကျ Dj ပါတယ်” လို့ မဇာနည်ကျော်က ပြောပါတယ်။
ခြေဗလာအကနဲ့ အရိုင်းဆန်ဆန် ဂေါ်ရန်ဂျီကျွန်း အလှက ရင်သက်ရှုမောဖွယ် ဖြစ်နေမှာ အမှန်ပါ။ ပါတီပွဲပြီးရင်တော့ ဂေါ်ရန်ဂျီ ဘန်ဂလိုတွေမှာ တညအိပ်ကာ နောက်တနေ့ မနက်၊ ဇွန်လ ၄ ရက်နေ့ အနားယူ၊ ရေကူး၊ Beach Sport ကစားပြီး ညနေ ၄ နာရီ ရန်ကုန်ကို ပြန်လာမှာ ဖြစ်ပါတယ်။
လက်မှတ်ခများအနေနဲ့ကတော့ Early Bird ကြိုတင်ဝယ်ယူလက်မှတ်များကို Foreigner တဦးလျှင် တသိန်းကျပ်၊ Local တဦးကို ၉ သောင်းကျပ် ကျသင့်မယ်လို့ သိရပါတယ်။