နိုင်ငံကျော် အနုပညာရှင်များစွာ ပါဝင်မည့် ရွှေ ၇၁ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ရသစာ ရွတ်ဖတ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ သံဈေးရှိ Yangon Book Plaza တွင် ၂၄.၅.၂၀၁၇ ရက်နေ့ နေ့လည် ၁ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် ရုပ်ရှင်၊ ဂီတ အနုပညာ နယ်ပယ်မှ သရုပ်ဆောင်၊ အဆိုတော်များက ဝတ္ထုတိုများကို ရွတ်ဖတ်ကြမည် ဖြစ်ပြီး ၎င်းရွတ်ဖတ်မှူများကို အသံဖမ်းယူကာ မျက်မမြင်ကျောင်းများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။
Study in America ပညာရေး ဟောပြောပွဲကို မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမတွင် ၂၇.၅.၂၀၁၇ ရက်နေ့ နံနက် ၉ နာရီတွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။ ဟောပြောပွဲသို့ တက်ရောက်မည့်သူများသည် ဖုန်းနံပါတ် ၀၉-၇၇၇၂၆၄၂၃၀၊ ၀၉-၇၇၇၂၅၄၂၃၁ သို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။
A Woman’s Place: life through the lens of Myanmar’s women farmer ဓာတ်ပုံပြပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ Myanmar Dietta Gallery တွင် ၂၀.၅.၂၀၁၇ မှ ၂၈.၅.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဓာတ်ပုံပြပွဲတွင် ယနေ့ မြန်မာလယ်သူမများ၏ ကျေးလက်လူမှုဝန်းကျင်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ လူမှုရေးရာ ပြဿနာများနှင့် အပြောင်းအလဲများကို တွေ့မြင်ကြရမည် ဖြစ်သည်။
နိုင်ငံကျော် တေးသံရှင်များနှင့် အလှဖန်တီးရှင် များစွာ ပါဝင်သော ဆေးနှင့် တေးအလှ ဂါရ၀ ဂီတဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ၂၇.၅.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ်များကို ၇ ထောင်ကျပ်၊ ၁ သောင်းကျပ်၊ ၂ သောင်းကျပ်၊ ၃ သောင်းကျပ် သတ်မှတ်ထားပြီး လက်မှတ်များကို အနော်ရထာလမ်းနှင့် လမ်း ၃၉ ထောင့်ရှိ မန်းသီရိ တေးသံသွင်းနှင့် ဖုန်းနံပတ် ၁၈၇၆ တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်လည်းဖြစ်၊ စာရေးဆရာကြီး တဦးလည်း ဖြစ်သည့် ဦးနု၏ မွေးနေ့အခမ်းအနား ကို သံဈေးရှိ Yangon Book Plaza တွင် ၂၅.၅.၂၀၁၇ ရက်နေ့ နေ့လည် ၁ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် ဦးနု၏ စာအုပ်များကို စုစည်းပြသကာ အထူးဈေးများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြင်သစ် ယဉ်ကျေးမှုဌာနနှင့် မင်္ဂလာရုပ်ရှင်လုပ်ငန်းတို့၏ စီစဉ်မှုအရ ပြသသော THE INTOUCHABLES ပြင်သစ် ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့၊ စံရိပ်ငြိမ်ဂမုန်းပွင့် ကုန်တိုက်ရှိ မင်္ဂလာရုပ်ရှင်ရုံတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ ၃၀ တွင် ပြသသွားမည် ဖြစ်သည်။ ဇာတ်လမ်းမှာ အောက်ပိုင်းသေ ဝေဒနာရှင် (François Cluzet)နှင့် ပြုစုသူ (Omar Sy) တို့အကြား ဆန်းကြယ်သည့် သံယောဇဉ် အကြောင်း ရိုက်ကူးထားခြင်း ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများမှာ ၂၀၀၀ ကျပ်၊ ၃၅၀၀ ကျပ် သတ်မှတ် ထားကြောင်းသိရသည်။
အင်္ဂလန်မှ ပန်းချီဆရာ James Jennings ၏ On the Waterfront ပန်းချီပြပွဲကို ဘိုကလေးဈေးလမ်းရှိ ပန်သူရိယ အနုပညာပြခန်းတွင် ၂၇.၅.၂၀၁၇ မှ ၃.၆.၂၀၁၇ ရက်နေ့အထိနေ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပန်းချီပြပွဲတွင် ရန်ကုန်မြစ် တလျှောက် မြင်ကွင်းများကိုု ရေးဆွဲထားသည့် ပန်းချီကားများ ကြည့်ရှုခံစား နိုင်မည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်မှ performance artist တဦးဖြစ်သူ သတိထား (Thadi Htar) ၏ Living on My Skin ပန်းချီ ပြပွဲကို ဘိုကလေးဈေးလမ်းရှိ Myanmar/Art အနုပညာပြခန်းတွင် ၂၆.၅.၂၀၁၇ မှ ၆.၆.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီကားများအပြင် perforamnce art များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ပန်းချီဆရာမ နန်း မိသားနှင့် ပန်းချီမိတ်ဆွေများပါဝင်သည့် နန်း မွေးနေ့အလှူ ပန်းချီပြပွဲကို နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှိ နှင်းဆီမြိုင် ပန်းချီပြခန်းတွင် ၂၅.၅.၂၀၁၇ မှ ၂၈.၅.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံ ပန်းချီကားများစွာ ပါဝင်မည် ဖြစ်ပြီး ရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းကို ဘိုးဘွားရိပ်သာသို့ လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရသည်။