မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲက တမူထူးခြားသော ဇာတ်လမ်း၊ ဇာတ်အိမ်များဖြင့် မြန်မာတို့ရဲ့ သမိုင်းဝင် ရှေးဟောင်းနယ်မြေ ပုဂံဒေသမှာ ရိုက်ကူးထားတဲ့ “ကျွန်” ရုပ်ရှင်ဇာတ်ကားကြီးကို ညွှန်းဆို ချင်ပါတယ်။ “ကျွန်” ရုပ်ရှင် ဇာတ်ကားကို မေလ ၁၄ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ အထူးပွဲပြသခဲ့ပြီး လာမယ့် မေလ ၂၆ ရက်နေ့မှာ မြန်မာတနိုင်ငံလုံး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
ပုဂံဒေသမှာ ဇာတ်အိမ်တည်ပြီး ဘုရားကျွန်တွေကို မျိုးရိုးအဆင့်အတန်း နိမ့်ပါးတယ်ဆိုတဲ့ လွဲမှားတဲ့ အယူအဆတွေကြောင့် အဆင့်အတန်းခွဲခြားမှု၊ မောဟမသိစိတ်ကြောင့် မောက်မာမှု၊ ရန်ငြိုး ကလဲ့စား ချေမှုတို့ကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ မေတ္တာတရား၊ သစ္စာစောင့်သိမှု စတဲ့ အကြောင်းအရာတွေကို “ကျွန်” ဇာတ်ကားမှာ ရိုက်ပြထားတာ တွေ့ရပါတယ်။
“ကျွန်” ရုပ်ရှင်ဇာတ်ကားကို အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ထုတ်လုပ်တာဖြစ်ပြီး ကနုတ်မေ ရေးသားတဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် နေတိုး၊ မြင့်မြတ်၊ ဝတ်မှုံရွှေရည်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ထူးမွန် တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ငယ်စဉ်ကတည်းက မိဘမျိုးရိုးက ချမ်းသာပြီး ပစ္စည်းဥစ္စာဓန ကြွယ်ဝသူ ပုဂံဟိုတယ်ပိုင်ရှင် သူဌေး “ကောင်းထက်စည်သာ” အဖြစ် နေတိုး၊ ပရဟိတစိတ်ရှိပြီး မြန်မာရာဇဝင် သမိုင်းကြောင်းများကို စိတ်ဝင်စားတတ်သူ၊ ရင်တွင်း စိတ်ခံစားချက်တချို့ကိုမဖော်ပြဘဲ လျှို့ဝှက်ထားတတ်သူ စာရေးဆရာ “ထိုက်တန်အောင်” အဖြစ် မြင့်မြတ်တို့က သရုပ်ဆောင်ထားပါတယ်။
မေတ္တာတရားနဲ့ သစ္စာတရားကို စောင့်သိတတ်တဲ့ မြန်မာမိန်းကလေးတယောက် “ခင်မင်းခ” အဖြစ် ဝတ်မှုန်ရွှေရည်၊ မျိုးရိုးဂုဏ်ကို မက်မောပြီး အဆင့်အတန်း ခွဲခြားတတ်သူ “ဒေါ်ထိပ်တင်မလတ်” အဖြစ် စိုးမြတ်သူဇာ၊ အနာကြီးရောဂါသည် ဘုရားကျွန် “ဒေါ်မွှေး” အဖြစ် ထူးမွန်တို့က ပီပီပြင်ပြင် သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။
ဇာတ်လမ်းအမျိုးအစားက အချစ်၊ ဒရာမာ ရုပ်ရှင်ဇာတ်ကားမျိုးဖြစ်ပြီး လူသားအားလုံးဟာ လောဘ၊ ဒေါသ၊ မောဟတို့ရဲ့ကျွန်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြပြီး မြင့်မြတ်တဲ့ ဘုရားကျွန်တွေကိုတော့ နိမ့်ကျတဲ့ လူတန်းစားတွေလို့ မှားယွင်းစွာ မှတ်ယူထားတဲ့စိတ်၊ အတ္တကြီးပြီး မောက်မာတဲ့စိတ် မာနစိတ်တွေကို လူလူချင်း မထားသင့်ကြောင်း ဇာတ်ကားက မီးမောင်းထိုး ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအစကို ပုဂံ၊ ပြဿဒ်ကြီး ဘုရားပေါ်မှာ နားကပ်တဖက် ကျကျန်ခဲ့လို့ လိုက်ရှာနေတဲ့ “ခင်မင်းခ” ရဲ့ နားကပ်ကို နင်းမိပြီး ခြေထောက်စူးသွားလို့ လွှင့်ပစ်လိုက်တဲ့ “ကောင်းထက်စည်သာ” တို့ နှစ်ဦးတွေ့ဆုံခန်းနဲ့ အစပျိုးထားပါတယ်။ ခင်မင်းခ နောက်တကြိမ် ပုဂံကို ပြန်ရောက်လာချိန်မှာ ကောင်းထက်က ခမ်းနားတဲ့ အဆောင်အယောင်တွေနဲ့ သူ့ကို ကြိုဆိုပေမယ့် နွေးထွေးတဲ့ ကြိုဆိုမှု မျိုးကိုသာ ခင်မင်းခက ပိုလိုချင်ခဲ့ပါတယ်။
ခင်မင်းခ ပုဂံရောက်နေစဉ်အချိန် ကောင်းထက်ရဲ့သူငယ်ချင်း စာရေးဆရာ ထိုက်တန်ကလည်း ပုဂံမှာ စာရေးဖို့ ရောက်လာရင်း ဘုရားမှာ အမှတ်မထင် တွေ့လိုက်မိတဲ့ ခင်မင်းခကို ညစာစားပွဲမှာ ကောင်းထက်က မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ခင်မင်းခနဲ့ ထိုက်တန်တို့ ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်သွားတဲ့အခါမှာ စိုးရိမ်စိတ်နဲ့ ကောင်းထက်ရဲ့ အချစ်တွေကလည်း ပွင့်အံလာခဲ့ပါတယ်။
ကောင်းထက်ရဲ့ အချစ်ကို တိတ်တခိုး မျှော်လင့်နေတဲ့ ခင်မင်းခက မမျှော်လင့်တဲ့အချိန်မှာ ချစ်ခွင့်ပန် ခံလိုက်ရတာကြောင့် အချိန်တိုတွင်းမှာ ချစ်သူဖြစ်သွားတဲ့ သူတို့နှစ်ယောက်အပေါ် ထိုက်တန်က “Congratulations ပါ” လို့ ပြောရင်း သူ့အချစ်တွေကို ဖွင့်မပြောဘဲ ထိန်းထားလိုက်ပါတယ်။
ကောင်းထက်နဲ့ ခင်မင်းခချစ်သူဖြစ်သွားတဲ့အခါ ခင်မင်းခက မျက်စိအထူးကု ဆရာဝန်ကြီးရဲ့သမီး ဖြစ်တာကြောင့် ပညာတတ်မျိုးရိုးမို့လို့ မျိုးရိုဂုဏ်ကို မက်မောတဲ့ ဒေါ်ထိပ်တင်မလတ်က သူကိုယ်တိုင် သဘောတူလက်ခံခဲ့ပြီး နောက်ပိုင်းမှာ ခင်မင်းခရဲ့ အမေအရင်း၊ အနာကြီးရောဂါသည် ဘုရားကျွန် ဒေါ်မွှေးနဲ့ အမှတ်မထင် ပုဂံဘုရားတခုမှာ ဆုံတွေ့ဖို့ အကြောင်းဖန်လာပါတယ်။
မိမိကိုယ်ကို ဘုရားကျွန်မျိုးရိုးမှ ဆင်းသက်လာသူမှန်း ခင်မင်းခ ရုတ်တရက် သိသွားတဲ့အခါမှာ သူ့ရဲ့ အတိတ်ကို ပကတိ လက်ခံခဲ့ပေမယ့် လက်မခံနိုင်တဲ့ ဒေါ်ထိပ်တင်မလတ်က ခင်မင်းခကို ဘယ်လို ဆက်ဆံမလဲ၊ ကောင်းထက်ကရော လက်ခံနိုင်ပါ့မလား၊ ထိုက်တန်ကရော ဒီအကြောင်းအရာကို ဘယ်လိုတုံ့ပြန်မလဲ စတဲ့အကြောင်းအရာတွေကို ပိတ်ကားထက်မှာ ဆက်လက်ရှုစားရမှာပါ။
“ကျွန်” ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ကွက်ကောင်းကောင်းနဲ့ လှပတဲ့ ပုဂံဒေသရှုခင်း ရိုက်ကူး တင်ပြချက်တွေနဲ့အတူ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က အပိုအလိုမရှိ ဆွဲဆောင်မှုရှိရှိ ရိုက်ပြ ထားတာတွေ့ရပါတယ်။
သရုပ်ဆောင်တွေရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ထားမှုတွေကြောင့် ဇာတ်လမ်းတခုလုံး ဟာကွက်မရှိ ကောင်းတဲ့ “ကျွန်” ဇာတ်ကားကို သွားရောက်ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။