ဂျနီဖာလိုပက်ဇ် နဲ့ ချစ်သူသစ် အဲလက်စ်တို့ရဲ့ ကြည်နူးဖွယ် ချစ်ဇာတ်လမ်း
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ Shades of Blue ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးနေတဲ့ သရုပ်ဆောင် အဆိုတော် ဂျနီဖာလိုပက်ဇ်(Jennifer Lopez) ထံသို့ မေလ ၁၉ ရက်နေ့ညက ချစ်သူဖြစ်သူ အဲလက်စ် ရိုဒရီဂတ်ဇ်(Alex Rodriguez) လာရောက်လည်ပတ်ခဲ့တယ်လို့ usmagazine ရဲ့ အဆိုအရ သိရပါတယ်။
အဲလက်စ်က ဂျနီဖာရဲ့ ရိုက်ကွင်းကို ရောက်ရှိနေကြောင်းကို သူ့ရဲ့ အင်စတာဂရမ်မှာ Live လွှင့်ခဲ့ပါတယ်။ ဂျနီဖာကလည်း ကင်မရာကိုကြည့်ပြီး ရယ်မောပျော်ရွှင်နေခဲ့တာပါ။
A-Rod လို့ အတိုကောက်ခေါ်ကြပြီး နာမည်ကြီးဘေ့စ်ဘောကစားသမားတဦးဖြစ်သူ အသက် ၄၁ နှစ်အရွယ် အဲလက်စ်မှာ ၁၂ နှစ်အရွယ် သမီးတယောက်နဲ့ ၉ နှစ်အရွယ် သမီးတယောက် ရှိပါတယ်။
၃ ကြိမ် လက်ထပ်ခဲ့ဖူးတဲ့ အသက် ၄၇ နှစ်အရွယ် ဂျနီဖာမှာတော့ ၉ နှစ်အရွယ် သားနဲ့သမီး အမြွှာနှစ်ယောက် ရှိတာပါ။
ချစ်သူသက်တမ်း လပိုင်းသာရှိသေးတဲ့ သူတို့နှစ်ဦးဟာ စေ့စပ်ဖို့ အစီအစဉ်မရှိသေးပေမယ့် အဲလက်စ်ကသာ တောင်းဆိုမယ်ဆိုရင် ဂျနီဖာက လက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။
ဂျနီဖာနဲ့ အဲလက်စ်တို့ဟာ မေလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Met Gala ပွဲကို ပထမဆုံးအဖြစ် နှစ်ယောက်အတူ ပွဲတက်ခဲ့ကြပါတယ်။ ဂျနီဖာက အဲလက်စ်နဲ့ ချစ်သူဖြစ်ရတာ ပျော်ရွှင်နေခဲ့ပြီး သူ့ဘဝမှာ အခုလိုမပျော်ရွှင်ခဲ့ဖူးဘူးလို့လည်း ဆိုခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ဝေးနေတဲ့အချိန်တွေမှာလည်း Video Call နဲ့ အွန်လိုင်းမှာ အမြဲပြောဖြစ်ကြသလို ဂျနီဖာရဲ့ ရိုက်ကွင်းမှာ ခဏနားနေတဲ့ အချိန်မျိုးတွေမှာတောင် Video Call ပြောဖြစ်ကြတယ်လို့ သိရပါတယ်။ ပြောပြီးခါနီးပြီဆိုရင်လည်း အဲလက်စ်က လေထဲကနေ အနမ်းပေးလေ့ရှိတယ်လို့ သတင်းက ဆိုပါတယ်။
Ref: usmagazine
သုနြ္ဒီဆီလျော်အောင် ဘာသာပြန်ဆိုသည်။