ကူးစက်ပြန့်ပွားနေသော အဆိပ် (Infected Poison) လို့ အမည်ပေးထားတဲ့ ပန်းချီကိုရဲရဲ့ အနုပညာပြပွဲကို မေ ၁၂ ကနေ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်း အမှတ် ၂၀၂ ၊ ပထမထပ် ရှိ New Zero Art Space ပြခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ ၄ ပေ ၃ ပေ အရွယ် ပန်းချီကားပေါင်း ၂၁ ကား ပြသထားတဲ့ သူ့ရဲ့ ပန်းချီပြပွဲက ခေတ်ပြိုင်ပုံရိပ်နဲ့ ခေတ်ပြိုင် အတွေးစိတ်ကူးကို ထင်ဟပ်နေတဲ့ အနုပညာ ဖန်တီးမှုလို့ သတ်မှတ်နိုင်ပါတယ်။
ခေတ်ပြိုင် အနုပညာ (Contemporary Art) ဖန်တီးတင်ပြရာမှာ အသက်သွေးကြော သဖွယ် အရေးကြီးတဲ့ အချက်က ကွန်းဆက် (Concept) ပါဖို့ပါ။ ကွန်းဆက် မပါတဲ့ အနုပညာ တင်ဆက်မှုဟာ Artwork မဟုတ်ဘဲ Dead-work လို့ ဆိုကြပါတယ်။ ကိုရဲရဲ့ အနုပညာလက်ရာ ပန်းချီကား တကားချင်းအလိုက် ခေတ်ပြိုင် အတွေး၊ ခေတ်ပြိုင် စိတ်ကူး၊ ခေတ်ပြိုင် လိုလား ဆာလောင်မှုကို ထင်ဟပ်တင်ပြထားတာ တွေ့ရပါတယ်။
ပန်းချီကား တခုထဲမှာဆိုရင် ဦးခေါင်းမှာ သရဖူတခု ဆောင်းထားပြီး လောကနတ် ပုံသဏ္ဌာန်ထိုင်နေတဲ့ ရုပ်ပုံတခုရဲ့ ရှေ့မှာ ယခုခေတ်ရဲ့ လူမှုကွန်ရက် ပြယုဂ်ဖြစ်တဲ့ ဖေ့စ်ဘုတ် သင်္ကေတခု၊ ရှေ့ မလှမ်းမကမ်းမှာက (00း2100) ဆိုတဲ့ နံပတ်ကို ပြနေတဲ့ ချိန်ကိုက်ဗုံး တလုံး၊ ရုပ်ပုံရဲ့ နောက်ကျောမှာတော့ သေနတ်တလက်၊ ဦးခေါင်းအထက်မှာတော့ ဒုံးပျံတွေ၊ ဒုံးကျည်တွေ၊ ရုပ်ပုံရဲ့ နောက်ဘက်ကနေ ခြောက်လှန့်နေတဲ့ အပလောက ဝိညာဉ်တွေ၊ အားလုံးဟာ အစိပ်စိပ်အမွှာမွှာ ကွဲအက်နေတဲ့ ပန်းချီကားရဲ့ Background ရှေ့မှာ ရှိနေတာကို ပုံဖော် ရေးဆွဲထားပါတယ်။
ပန်းချီကားကို ကြည့်ရှုခံစားရင် လက်ရှိခေတ်ပြိုင် ကမ္ဘာကြီးရယ်၊ လူသားရယ်၊ ဘာသာရေး သက်ဝင်ယုံကြည်မှုရယ်၊ လောကီရေးရာနဲ့ လောကုတ္တရာရေးရာတွေ၊ အကြမ်းဖက်မှု၊ ငြိမ်းချမ်းရေး စတဲ့ ခေတ်ပြိုင်ရဲ့ ဆာလောင်မှုတွေပါ ဆက်စပ် ဆင့်ပွား ခံစားရမိပါတယ်။ ထူးခြားတာက သူဟာ Pattern ရေးနည်းနဲ့ ရေးတာ ဖြစ်ပေမယ့် Distort လုပ်ရေးဆွဲထားတဲ့ အရာဝတ္ထုတွေက သရီးဒီ အမြင်ရအောင် ဖန်တီးတင်ပြနိုင်ခြင်းနဲ့ အရောင်တွေရဲ့ Tone ကို နိုင်နိုင်နင်းနင်း အသုံးပြု ထားတာပါ။
“မျက်မှောက်ခေတ် လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းမှာ ဖြစ်ပျက်နေတဲ့ အရွယ်စုံ၊ အလွှာစုံတို့ရဲ့ အဖြစ်သနစ်ကို အခြေခံပြီး ပန်းချီကားများ ရေးဆွဲ ဖန်တီးပါတယ်” လို့ သူ့ရဲ့ အနုပညာ ရှင်းလင်းချက် (Artist’s Statement) မှာ ဖော်ပြထားပါတယ်။ ပြီးတော့ လူမှုဝန်းကျင်မှာ ရှိနေတဲ့ မကောင်းမှုတွေက ကူးစက်ရောဂါလိုမျိုး တနေရာနဲ့ တနေရာ၊ တဦးကနေ တဦး လျင်လျင်မြန်မြန် ပြန့်ပွားကူးစက်နေတဲ့ သဘောကိုလည်း တင်ပြတာလို့လည်း ပြောပါတယ်။
ပန်းချီကိုရဲဟာ ပန်းချီရေးဆွဲတာကို ငယ်စဉ်ကတည်းက ဝါသနာပါပေမယ့် အသက် ၃၆ နှစ်ကျမှ အနုပညာအလုပ် စ လုပ် ဖြစ်ခဲ့တာပါ။ ၁၉၇၄ ခုနှစ်ဖွား၊ ရန်ကုန်ဇာတိသား ကိုရဲဟာ ၂၀၁၁ ခုနှစ်မှာ New Zero Art Class ကို စတင် တက်ရောက် ခဲ့ပြီးတဲ့ နောက်မှာ ကွန်းဆက် အခြေပြု အနုပညာ လက်ရာတွေ ဖန်တီးလာပါတယ်။
၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ခဲ့တဲ့နှစ်မှာ သူဟာ ကျောင်းက ထွက်ပြီး သိမ်ကြီးဈေးမှာ ဈေးရောင်း၊ နောက် ဘုရင့်နောင် ပွဲရုံမှာ အဝယ်တော် အလုပ်တွေ လုပ်ကိုင်ခဲ့ပြီး ဂြိဟ်တုစလောင်း ပြင်လုပ်ငန်းတွေလည်း လုပ်ကိုင်ခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ပန်းချီကိုရဲဟာ ပန်းချီသင်တန်း ဖွင့်လှစ်ပြီး ကလေးတွေကို ပန်းချီ၊ ဒီဇိုင်း ပညာရပ်များ သင်ကြားပေးနေ သလို တဖက်ကလည်း ကွန်းဆက် အခြေပြု အနုပညာလက်ရာများ ဖန်တီးလျက် ရှိပါတယ်။
“ပြသထားတဲ့ ပန်းချီကား အများစုက ကျနော် ကိုယ်တိုင် တွေ့ကြုံ ကျင်လည် ဖြတ်သန်းခဲ့ရတဲ့ တကယ့်အစစ်အမှန် အဖြစ် အပျက်တွေကို ပြန်လည် ထင်ဟပ် တင်ပြတာပါ။ တချို့ပန်းချီကားတွေက မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ တွေးမြင် ခံစားမှုနဲ့ အတွေ့အကြုံကို အခြေခံပြီး ကျနော့်ရဲ့ အနုပညာ ဖန်တီးမှုနဲ့ ပေါင်းစပ်ယူပါတယ်” လို့လည်း သူက ပြောပြပါတယ်။
အနုပညာရှင် တဦးအတွက် ဘာအရေးအကြီးဆုံးလဲလို့ သူ့ကို မေးတော့ သူက အခုလို ပြန်ပြောပါတယ်။
“အနုပညာရှင် တဦး အတွက် အရေးကြီးဆုံးက လွပ်လပ်ခြင်းပါပဲ။ လွပ်လပ်ခြင်းဆိုတဲ့ နေရာမှာ အနုပညာ တခု ဖန်တီး တော့မယ် ဆိုရင် (တစ်) သူတပါးရဲ အတင်းအကျပ် စေခိုင်းမှု မပါဘဲ ဖန်တီးခြင်း၊ (နှစ်) တစုံတဦး အတွက် သီးသန့် ဖန်တီးတာမျိုး မဟုက်ခြင်းပါပဲ”