ရုပ်ရှင်ဇာတ်ကားကောင်းတကားဖြစ်လာဖို့ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင် စတဲ့ ကဏ္ဍပေါင်းစုံမှ အနုပညာရှင်၊ အတတ်ပညာရှင်များက အစွမ်းကုန် ကြိုးစားဖန်တီးကြရပါတယ်။
ဒါရိုက်တာမှ ဦးဆောင်ညွှန်ကြားရိုက်ကူးတဲ့ ဇာတ်ကားတကား ပေါ်ထွက်လာချိန်မှာ ဇာတ်လမ်းကို မူလဖန်တီး ရေးသားသူတွေကလည်း အဓိကကျပါတယ်။ ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ ပုဂံမှာ ဇာတ်အိမ်တည် ရိုက်ကူးပြီး ဘုရားကျွန်မျိုးရိုးကို အခြေခံရေးသားထားတဲ့ “ကျွန်” ရုပ်ရှင်ကားကြီးကို ၂၀၁၇ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှာ မြန်မာတနိုင်ငံလုံး ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။
“ကျွန်” ရုပ်ရှင်ဇာတ်လမ်း ရေးသားဖန်တီးသူ ကနုတ်မေကို ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ရေးသား ဖြစ်ခဲ့ပုံ၊ လက်ရှိရေးသားနေတဲ့ ဇာတ်လမ်းတွေအကြောင်း၊ ဇာတ်ကားအပေါ် သူရဲ့ စိတ်ခံစားချက် စတာတွေကို ဧရာဝတီ အကြီးတန်း သတင်းထောက် သီဟတိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ “ကျွန်” ရုပ်ရှင်ဇာတ်ကားကြီး ရေးဖြစ်တဲ့အကြောင်း စပြောပြပေးပါဦး။
ဖြေ ။ ။ ဒီဇာတ်ကားလေးကို စပြီးတော့ ရေးဖြစ်တဲ့အကြောင်းက ရိုက်တာတော့ ညီမ မသိလိုက်ဘူး။ အဲဒီတုန်းက ဖုန်းလည်း ပျောက်သွားတော့ အဆက်အသွယ် ပျက်သွားတယ်။ ဒါရိုက်တာ ဦးညီက “သမီး ဘာဇာတ်ရှိလဲ မေးရင်းနဲ့ သမီးဆီမှာ ဇာတ်ကတော့ အစုံရှိတယ်၊ ဦးညီ ဘာဇာတ်လိုချင်လဲ” လို့ မေးတော့ သူက “ပုဂံအကြောင်းအရာနဲ့ ပတ်သက်ပြီး လိုချင်တယ်” ပြောတယ်။ အဲဒါနဲ့ ညီမက ပုဂံနဲ့ ပတ်သက်ပြီး ဘုရားကျွန်မျိုးရိုးကို အခြေခံတဲ့ “ကျွန်” ဇာတ်လမ်းလေး ရေးပေးလိုက်တယ်။
မေး ။ ။ “ကျွန်” အပြင်ရော တခြား ဘာဇာတ်လမ်းတွေ ရေးထားတာရှိလဲ၊ လက်ရှိ ဘယ်လို ဇာတ်လမ်းတွေ ရေးနေလဲ။
ဖြေ ။ ။ အရင်က ရုပ်ရှင်ကားကြီးအတွက် “840” ဆိုတဲ့ ဇာတ်လမ်း ရေးထားပေးတာရှိတယ်။ အဲဒါ ရိုက်ဖြစ် မရိုက်ဖြစ် မသိသေးဘူး။ ဇာတ်လမ်းကတော့ လူလိမ်ဇာတ်ပေါ့နော်။ ရန်ကုန်မှာ ဖြစ်တတ်တဲ့ သဘာဝလေးတွေ တချို့ ပိုက်ဆံအိတ်ကြီးကြီးတွေနဲ့ ပိုက်ဆံအများကြီးပါမယ် ထင်လို့ ခွဲကြတာတွေ၊ ကားတွေ တိုက်တွေ ငှားထားပြီး လိမ်နေတဲ့ပုံစံတွေ အဲလိုမျိုးတွေ ပေါင်းစုံ ရေးထားတယ်။ ညီမ ဇာတ်လမ်း အတိုလေးတွေ ရေးခဲ့တာတော့ တော်တော်များပြီ။ အပုဒ် ၃၀ ကျော်ပြီ။ ရေးခဲ့တာတော့ ၅ နှစ်ကျော်ပြီ။ အခု ဇာတ်လမ်းတွဲရေးတာလည်း “ကနုတ်မေ” ဆိုတဲ့ နာမည်နဲ့ပဲ ရေးတယ်။ လက်ရှိမှာ Sky Net နဲ့ ဒီလကုန် ရိုက်ဖို့ “ကျိန်စာသင့် နတ်သမီးလေးများ” ဆိုတဲ့ ဇာတ်လမ်းတွဲ ရေးထားတယ်။ လူကုန်ကူးသွားတဲ့ ဇာတ်လမ်းပေါ့။ လက်ရှိ ရန်ကုန်မှာဖြစ်နေတဲ့ မိန်းကလေးတွေ အကြောင်း ရေးထားတာပါ။
မေး ။ ။ “ကျွန်” ဇာတ်ကားက ပုဂံမှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းဆိုတော့ ပုဂံသမိုင်းကြောင်း တွေကို ဘယ်လို လေ့လာပြီး ရေးလဲ။
ဖြေ ။ ။ ဘယ်လို လေ့လာလဲဆိုတော့ ညီမ သိချင်တဲ့ အကြောင်းအရာတွေကို Facebook ကနေ Download ဆွဲတယ်။ ပြီးတော့ “ရာဇကုမာရ” ကျောက်စာကိုတော့ ကိုယ်တိုင်သွားမဖတ်နိုင်တော့ ညီမ ဦးလေးကို လေ့လာခိုင်းတယ်။ သူက မြန်မာစာနဲ့ ကျောင်းပြီးထားတဲ့သူဆိုတော့ ညီမကို အကုန်ပြောပြတယ်။ အဲဒီအချိန်တုန်းကဆို ဖုန်းနဲ့မေးပြီး အကုန်လုံးရေးရတယ်။ ဘာလို့လဲဆိုတော့ အမှားအယွင်းရှိသွားရင် ညီမ နာမည်လည်း ပျက်မယ်လေ။ အဲဒီလို မေးမြန်းပြီး ရေးခဲ့ပါတယ်။ ညီမရဲ့ အဖေ ကိုငယ်(စိတ်ပညာ)ကလည်း ဒီဇာတ်လမ်း ရေးနေတဲ့အချိန်မှာ ပံ့ပိုးပေးခဲ့ပါတယ်။
မေး ။ ။ ကိုယ်တိုင် ပုဂံကိုသွားပြီး လေ့လာခဲ့တာမျိုး ရှိလား။
ဖြေ ။ ။ ဇာတ်လမ်း မရေးခင်ကလည်း ပုဂံဒေသကို ကိုယ်တိုင်သွားလေ့လာခဲ့ပါတယ်။ အဲဒီထဲမှာ ကိုနေတိုး ဇာတ်ကောင်က ဟိုတယ်ပိုင်ရှင်ဆိုတော့ ညီမ ဟိုတယ်တွေ သွားလေ့လာတယ်။ ဒါပေမယ့် ကိုယ်ရေးခဲ့တဲ့ ဟာနဲ့ ပြလို့တော့ မရဘူးပေါ့။ စတွေ့တဲ့နေရာကို ညီမက ဟိုတယ်မှာဆိုပြီး ရေးထား ပေမယ့် ဇာတ်ကားထဲမှာတော့ အပြင် Location မှာ တွေ့ပေးထားတယ်။
မေး ။ ။ ဒီဇာတ်ကားကို စာရေးသူ တယောက်အနေနဲ့ ပြန်ကြည့်ရတဲ့အခါ ဘယ်လိုခံစားရလဲ။
ဖြေ ။ ။ ပြန်ကြည့်ရတဲ့အခါ ရိုက်ချက်တွေရော ဘာတွေရော ကိုယ်ရေးထားတဲ့ဟာနဲ့ ညားတာနဲ့ မညားတာ ကွဲတယ်။ Tempo တက်တာနဲ့ မတက်တာ နည်းနည်းပဲ ကွဲတယ်။ အကုန်လုံး ကောင်းပါတယ်။ ရိုက်ချက်တွေလည်း ကောင်းတယ်။ သူတို့အတွက် ဓာတ်ပုံဆုတောင်မှ မှန်းနိုင်မယ်။
မေး ။ ။ ဒီဇာတ်လမ်းကို ကြည့်ပြီးတော့ ဒီဇာတ်ကားသာ အကယ်ဒမီ စာရင်းဝင်ခဲ့မယ်ဆိုရင် ဘယ် Character (ဇာတ်ကောင်) ကို အကယ်ဒမီ ရစေချင်လဲ။
ဖြေ ။ ။ ဘယ် Character ကို အကယ်ဒမီ ရစေချင်လဲဆိုတော့ အခုလောလောဆယ် ကြည့်လိုက် တာတော့ အန်တီထူးမွန်ကို ရစေချင်တယ်။ သူက လုပ်သွားတာတွေ ပီပြင်တယ်။ မစိုးကြီးလည်း ကောင်းတယ်။ ဒါပေမဲ့ ဇာတ်ကွက်နည်းတယ်။ ဇာတ်ပို့ ဇာတ်ရံ အနေနဲ့ ပေးမယ်ဆိုရင်တော့ နှစ်ယောက်ဆိုရင်တော့ ရွေးရတော့ ခက်တယ်။ ဘုရားကျွန် ဦးလေးကြီးရဲ့ သမီးနေရာမှာ သရုပ်ဆောင်တဲ့အစ်မဆိုရင်လည်း တော်တော်ကောင်းတယ်။ သူ့ကိုလည်း ရစေချင်တယ်။
မေး ။ ။ ဇာတ်ဆောင် ၃ ဦးထဲမှာရော ဘယ် Character ကို အကြိုက်ဆုံးလဲ။
ဖြေ ။ ။ ဇာတ်ဆောင် ၃ ဦးထဲမှာ အကုန်လုံးကတော့ သူ့ဟာနဲ့သူ ကောင်းကြတယ်။ ကိုနေတိုး ဘက်ကျတော့ နည်းနည်း ပျော့သွားတယ်။ မကစ်ကစ်ကတော့ မင်းသမီးထဲမှာ ပိုပြီး မှန်းလို့ရတယ်။ ကိုနေတိုးနဲ့ ကိုမြင့်မြတ်ကျတော့ ယှဉ်လိုက်တဲ့အခါ ကိုနေတိုးက ကာရိုက်တာကို သူရအောင် လုပ်သွားပေမယ့် ကိုမြင့်မြတ်ကလည်း ဒီဘက်မှာ သနားစရာကောင်းအောင် လုပ်သွားတဲ့အတွက် အကဲဖြတ်တဲ့လူတွေ ရွေးရတာ ခက်သွားမှာပေါ့နော်။ စာရေးသူအနေနဲ့ကတော့ အကုန်လုံးနေရာက နေ ခံစားပြီး ရေးထားတာ။ ကိုယ်ဇာတ်ညွှန်း မခွဲရပေမယ့်လည်း ဇာတ်လမ်းကို ရေးကတည်းက ဇာတ်ကားတကား ရိုက်ရသလိုပဲ။ ရေးကတည်းကလည်း ရုပ်ကိုမြင်အောင် ရေးရတာဆိုတော့ ရေးတဲ့နေရာမှာ ဒီနာမည် ရေးလိုက်လို့ရှိရင် ကိုယ်ရောက်သွားသလို ခံစားရတယ်။
မေး ။ ။ ဇာတ်ကားတခုလုံး ကောင်းအောင် ဒါရိုက်တာက ဦးဆောင်ပြီး ရိုက်ရတာဆိုတော့ ဒါရိုက်တာ ကိုရော အကယ်ဒမီဆုရမယ်လို့ မျှော်မှန်းလား။
ဖြေ ။ ။ ရနိုင်မယ်လို့ ညီမ မျှော်မှန်းတယ်။ ဘာလို့လဲဆိုတော့ ရိုက်ချက်တွေရော သူညွှန်ကြားပေးတဲ့ အတွက် အချိတ်အဆက်တွေ အကုန်လုံးရောက ကောင်းတယ်။ ဒီဇာတ်ကားမှာဆိုရင် ရိုက်ချက်တွေ ဓာတ်ပုံ၊ ကင်မရာဆုတွေ ဘာတွေတောင်မှ ရနိုင်တယ်။ ပြီးတော့ ဇာတ်ကားဆုလည်း ရနိုင်တယ်။ ဘာလို့လဲဆိုတော့ အခုပြနေတဲ့ ကားတွေထက်စာရင် ဒီကားက “တကယ့် မြန်မာကားအစစ်” လို့ ပြောနိုင်တယ်။ ။