Android စနစ် ဖုန်းတွေဟာ ဒီနေ့ ကမ္ဘာမှာ လူသုံး အများဆုံး ဖုန်းတွေ ဖြစ်နေပေမယ့် သူတို့မှာ ကြီးမားတဲ့ ပြဿနာ တခု ရှိနေပါတယ်။ အဲဒါကတော့ Android စနစ်သစ်တွေ မကြာခဏ အဆင့်မြှင့်နေသလို လက်ရှိ ဖုန်းတွေမှာ ပါရှိနေ တဲ့ Version ကနေ အသစ်ထွက်လာတဲ့ Version ကို အဆင့်မြှင့်တင် အသုံးပြုနိုင်ဖို့ ခက်ခဲနေခြင်းပဲ ဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိ ကိုင်ဆောင်နေတဲ့ Android ဖုန်းမှာ Version 5.0 ကို သုံးထားပေမယ့် Version 6.0 ထွက်ရှိလာ ချိန်မှာ Version အသစ်ကို မြှင့်တင် အသုံးပြုနိုင်ဖို့ ခက်ခဲတာပဲ ဖြစ်ပါတယ်။
အချို့သော ဖုန်းတွေမှာတော့ အဆင့်မြှင့်နိုင်ဖို့ လုပ်ဆောင်နိုင်တယ်လို့ ဆိုထားပေမယ့် အဆိုပါ Android Version အဆင့်မြှင့်နိုင်တဲ့ ဖုန်းဟာ v6.0 ကို သုံးထားပြီး လက်ရှိ နောက်ဆုံး ထွက်ထားတဲ့ v7.0 ကို မြှင့်ချင်တယ် ဆိုရင် မြှင့်နိုင်တယ် လို့ပဲ ဆိုထားတာပါ။ တကယ်လို့ v8.0 ထွက်လာရင်တော့ အဆင့်မြှင့်နိုင်ဦးပါ့မလား။
ဒီလို အားနည်းချက် အတွက် Google ကနေ Chip တွေ ထုတ်လုပ်ဖန်တီးမှု လုပ်ငန်း OEMs နဲ့ ပူးပေါင်းပြီး ပြသနာကို ဖြေရှင်းဖို့ ကြိုးစားလာခဲ့ရင်း ကနေ အခုတော့ အဖြေ ထွက်လာပါပြီ။ Project Treble လို့ အမည်ရှိ နည်းပညာသစ်ပါ။ အဲဒီ စနစ်ပါရှိတဲ့ ဖုန်းတွေ အနေနဲ့ လက်ရှိ ဖုန်းမှာ Android Version ဘယ်လောက်ပဲ ထည့်ထားသည် ဖြစ်စေ နောက်ထွက် Version တွေကို အဆင့်မြှင့်နိုင်မယ့် အားသာချက် ဖြစ်လာပါတယ်။ Google အနေနဲ့တော့ သူ့ရဲ့ App တွေနဲ့ရော ဖုန်းမော်ဒယ်တွေမှာပါ အဆိုပါ နည်းပညာသစ်နဲ့ ပတ်သတ်တဲ့ စမ်းသပ်ချက်တွေ လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်ရှိမှာ ဈေးကွက်အတွင်းမှာ ရှိနေတဲ့ ဖုန်းတွေတိုင်းမှာ သုံးနိုင်အောင်တော့ ပြီးပြည့်စုံတဲ့ အဆင့် မရောက်သေးဘူး လို့ ဆိုပါတယ်။ Google က လတ်တလောမှာ အချိန်ပေး စမ်းသပ်ရဖို့ ရှိနေသေးသလို စရိတ် ကုန်ကျမှု အပိုင်းကိုလည်း တွက်ချက်နေရဆဲ ဖြစ်တယ် လို့ ဆိုပါတယ်။
တကယ်လို့ အခု Project Treble စနစ် သုံးနိုင်လာရင်တော့ Version Update အသစ် လာတိုင်း Google ကနေ ဖုန်း ထုတ်လုပ်သူတွေဆီကို Code အသစ် ပို့မယ်၊ အဆိုပါ ဖုန်းထုတ်လုပ်သူတွေကနေ သူတို့ ရောင်းချထားသမျှ ဖုန်းတွေ ဆီကို အဆိုပါ Code တွေ ထပ်မံ ပို့ဆောင်ပြီး Version Update လုပ်နိုင်အောင် ဆောင်ရွက်ပေးမှာပါ။ အဲဒီလိုဆို တကယ် သဘောကျစရာပါ။ မသေချာတဲ့ Source တွေကနေ Update လုပ်တာကြောင့် Malware ကူးစက်မှုကိုလည်း အကောင်းဆုံး ဟန့်တားစေနိုင်ပါလိမ့်မယ်။
ဒီလို Update လုပ်နိုင်ဖို့ အတွက် အချိန် အကန့်အသတ် ဘယ်လောက် ရလာနိုင်ပါသလဲ။ Android စနစ်ရဲ့ အဓိက ပြိုင်ဖက် iOS စနစ်မှာတော့ အချိန် ၅ နှစ် သက်တမ်း ရှိပါတယ်။ အခု Project Treble မှာတော့ သက်တမ်း ၂ နှစ် အတွင်း Update လုပ်နိုင်လာဖို့ ရှိနေပါတယ်။ ဒီလိုဆိုရင်တော့ Google ရဲ့ ဖန်တီးမှု အသစ် Project Treble အနေနဲ့ Android စနစ်သုံး ဖုန်းတွေကို နောက်ထွက် OS Version တွေ အဆင့်မြှင့် သုံးနိုင်လာစေမှာပါ။
တခုတော့ ရှိပါတယ်။ အခုချိန်မှာ Google အနေနဲ့ စနစ်သစ်ကို စမ်းသပ်နေဆဲ ဖြစ်ပြီး လက်ရှိ ဈေးကွက်အတွင်း ဖုန်းတွေမှာတော့ ဒီစနစ်သစ် ပါရှိမှာ မဟုတ်ဘဲ နောက်ထွက် မော်ဒယ်တွေမှာ Project Treble ပါရှိလာပါလိမ့်မယ်။ ဒီစနစ်ပါတဲ့ ဖုန်းတွေ အတွက်ကတော့ Version အသစ်တွေ အချိန်နဲ့ တပြေးညီ သုံးနိုင်လာမှာပါ။ Google ရဲ့ နောက်ထုတ်မယ့် Pixel နဲ့ Pixel XL မော်ဒယ်တွေမှာ Project Treble ပါရှိ အသုံးပြုနိုင်လာဖို့ ရှိနေပါတယ်။
Ref: www.forbes.com