ငြိမ်းချမ်းရေးဖခင် ကဗျာကဝိကြီး သခင်ကိုယ်တော်မှိုင်း သက်ရှိထင်ရှားရှိစဉ်က ငါ မသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်ကွာ ဆိုတဲ့ စကားအတိုင်း ကဗျာစာဆိုတိုင်းဟာ ငြိမ်းချမ်းရေးကို အလိုလားဆုံးသူတွေထဲ ရှေ့တန်းက ပါကြသူတွေပါ။
ဒါ့ကြောင့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ သတင်းတွေနဲ့အတူ ငြိမ်းချမ်းရေးကို ဖိနှိပ်မှုမျိုးစုံကြားက အစဉ်တောင်းဆိုနေတဲ့ အသက် ၇၂ အရွယ်ရှိ ကဗျာဆရာမောင်အောင်ပွင့်အကြောင်း ရုပ်ရှင်ရိုက်ကူးသူ ဇနီးမောင်နှံဖြစ်သည့် Petr Lom နှင့် Corinne van Egeraat တို့နှစ်ဦးက မှတ်တမ်းတင်ရိုက်ကူးထားတဲ့ Burma Storybook ဇာတ်ကားအကြောင်း ကြားလိုက်ရတော့ အင်မတန် ကျက်သရေရှိသွားတယ်လို့ ခံစားမိပါတယ်။
ထိုမှတ်တမ်းရုပ်ရှင်ဟာ နှစ်ပေါင်း ၂၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ပထမဆုံး ပွင့်လင်းသော ရွေးကောက်ပွဲမှ စတင်ပြီး ၂၄ လ တာကာလအတွင်း နိုင်ငံရေးရှုခင်း ပြောင်းလဲလာပုံကို မှတ်တမ်းတင်ထားပါတယ်။ စစ်အစိုးရက အကြိမ်ကြိမ် ထောင်သွင်း အကျဉ်းချခြင်းခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့အထင်ရှားဆုံး သက်ရှိထင်ရှား အတိုက်အခံ ကဗျာဆရာမောင်အောင်ပွင့်ရဲ့ ခါးသီး ကြမ်းတမ်းတဲ့ အတွေ့အကြုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။
စိတ်ထိခိုက်စရာ အကောင်းဆုံး ပြကွက်တခုကတော့ ပျက်စီးယိုယွင်းနေသော ၎င်းတို့ရဲ့နေအိမ်မှ စာအုပ်ပုံများ အကြားမှာ ထိုင်နေတဲ့ ကဗျာဆရာမောင်အောင်ပွင့်နဲ့ သူ့ဇနီးတို့က ဖင်လန်နိုင်ငံမှာ အ ဝေးရောက်ဘဝနဲ့ နှစ်ပေါင်း ၂၀ ကြာနေထိုင်နေတဲ့ ၎င်းတို့ရဲ့သားဖြစ်သူ ကိုငြိမ်းချမ်းအောင် ပြန်အလာကို တမ်းတမျှော်လင့်နေကြတဲ့ မြင်ကွင်း ဖြစ်မယ် ထင်ပါတယ်။
“ဒီရုပ်ရှင်ရဲ့ အနှစ်သာရက ပြန်လည် ရှင်သန်နိုင်မှုပဲ။ ထူးခြားတဲ့ သူတွေဟာ အာဏာရှင်ခေတ်မှာ ဘယ်လို ဆက်လက် ရှင်သန်နိုင်ကြတယ် ဆိုတာရယ်၊ ပြီးတော့ အနုပညာဟာ ဘယ်လို အတိတ်က နာကျင်မှုတွေ ဖော်ပြနိုင်ရုံသာမက ဘယ်လို ကုစား ပေးနိုင်သလဲ ဆိုတာ ပြဖို့ ဖြစ်ပါတယ်” လို့ ချက်နိုင်ငံဖွား ဒါရိုက်တာ က ပြောကြောင်း Asia Times ရဲ့ သတင်းတပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။
ကဗျာတပုဒ်ကြောင့်ဖြစ်စေ စစ်အာဏာရှင်တွေကို ဝေဖန်ထောက်ပြမိလို့ဖြစ်စေ နှစ်ရှည်လများ ထောင်ချ၊ ကလောင်ပိတ်၊ စောင့်ကြည့် အဆင့်တွေ အမျိုးမျိုးနဲ့ ချေမှုန်းကြပါတယ်။ သာပေါင်းညာစား၊ အရိုးကိုက် ဘဝကို ယောင်လို့မှ မတက်မက်ခဲ့ ကြတော့ မိသားစုဘဝတွေ ခါးသီးခဲ့ကြရပါတယ်။ ဒီလိုဘဝမျိုးတွေနဲ့ စိတ်ပိုင်းဖြတ်မှုတွေက ချက်နိုင်ငံဖွား တသီးပုဂ္ဂလ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူ Lom ကို ဖမ်းစားခဲ့ပါတယ်။
“ကျနော် မြန်မာနိုင်ငံမှာ ရုပ်ရှင်ရိုက်ချင်နေတာ ကြာပြီ၊ ရွှေဝါရောင်တော်လှန်ရေးကတည်းကပဲ။ ဒါ ပေမယ့် အာဏာရှင်စနစ်က ရုပ်ရှင်ရိုက်လို့ မဖြစ်နိုင်အောင် လုပ်နေတယ်၊ ၂၀၁၂ ခုနှစ် ရောက်တော့ အခြေအနေတွေ စ တင် ပြောင်းလဲလာတယ်။ မြန်မာနိုင်ငံရဲ့ပထမဆုံး လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်မှာ ကျနော့်ရဲ့ရုပ်ရှင်တကားကို ပြသဖို့ ဖိတ် ကြားခံရတယ်။ အဲဒီ အတွေ့အကြုံက ထူးခြားတယ်၊ မြန်မာပြည်သူတွေက အံ့သြစရာကောင်းတယ်လို့ ကျနော် ထင်တယ်၊ သူတို့တွေက စူးစမ်းလို လေ့လာလို ကြတယ်” ဟု Lom က သူ၏ ဒါရိုက်တာ ရှင်းလင်းချက်မှာ ဖော်ပြထားပါတယ်။
Lom နှင့် van Egeraat တို့ဟာ ထိုမှတ်တမ်းရုပ်ရှင်ကို ၂၀၁၂ ခုနှစ်မှာ စတင် ရိုက်ကူးခဲ့ကြပါတယ်။
“ဒီရုပ်ရှင်ရဲ့အနှစ်သာရက ပြန်လည် ရှင်သန်နိုင်မှုပဲ။ ထူးခြားတဲ့သူတွေဟာ အာဏာရှင်ခေတ်မှာ ဘယ်လို ဆက်လက် ရှင် သန်နိုင်ကြတယ် ဆိုတာရယ်၊ ပြီးတော့ အနုပညာဟာ ဘယ်လို အတိတ်က နာကျင်မှုတွေ ဖော်ပြနိုင်ရုံသာမက ဘယ်လို ကုစား ပေးနိုင်သလဲဆိုတာ ပြဖို့ ဖြစ်ပါတယ်” ဟု ချက်နိုင်ငံဖွား တသီးပုဂ္ဂလ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူ Lom က ပြောပြပါ တယ်။
ကဗျာဆရာမောင်အောင်ပွင့်ဟာ စစ်အစိုးရအဆက်ဆက်ရဲ့ အငြိုးထားအမုန်းကြီးခံခဲ့ရတဲ့ ရလဒ်အဖြစ် ၁၉၆၇ ခုနှစ် ကစပြီး ပုသိမ်ထောင်၊ တံတားဦးအချုပ်၊ အင်းစိန်ထောင်၊ သာယာဝတီထောင် စသဖြင့် နှစ်ကြီးအကျဉ်းသမား တဦးဖြစ်ခဲ့ပါတယ်။ ထောင်တွင်းဒဏ်ရာများအဖြစ် ပြင်ပ နေထိုင်စဉ်မှာလည်း ကျန်းမာရေး ချို့တဲ့ခဲ့ရပါတယ်။ သို့သော်လည်း သူ့မျှော်လင့်ချက် ကတော့ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး မြန်မာပြည် ငြိမ်းချမ်းရေးပါပဲ။
သူရဲ့ မဖောက်မပြန် ငြိမ်းချမ်းရေးစိတ်ဓာတ် အတွက် ၂၀၀၂ ခုနှစ်မှာ အမေရိကန်နိုင်ငံ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ Hellman/Hammett Grant for writers ဆုကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာတော့ CPJ နိုင်ငံတကာသတင်းသမား များ ကာကွယ်စောင့်ရှောက်မှု ကော်မတီမှ နိုင်ငံတကာစာနယ်ဇင်း လွတ်လပ်ခွင့်ဆုတွေကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
ကဗျာဆရာမောင်အောင်ပွင့်ဟာ ကောင်းကင်တော်တမ်းချင်း ကဗျာစာအုပ်၊ ဧကစာမီးခိုးများ (မောင်အောင်ပွင့်၊ ကိုသန်းထွန်း၊ အောင်ဘညို၊ ကျော်အောင်သစ် (ကေအေတီ)တို့နှင့်)၊ မြစ်များ စီးဆင်းတဲ့အကြောင်း၊ ဥတုကျော် ဝေဒနာညည်းချင်း စတဲ့ ကဗျာစာအုပ်များ ထွက်ရှိထားပါတယ်။
ယခု နယူးဇီလန်၊ အော်ကလန်မှာ ပြသနေတဲ့ ကဗျာဆရာ မောင်အောင်ပွင့်ရဲ့ဘဝမှတ်တမ်းရုပ်ရှင်ကို ဥရောပတခွင်မှာ လှည့်လည်ပြသနေပြီး ဂျပန်၊ စင်ကာပူစတဲ့ အာရှနိုင်ငံများနဲ့ အမေရိကန်ပြည်ထောင်စု မြို့ကြီးတွေများမှာလည်း ပြသသွားမယ်လို့လည်း သိရပါတယ်။
ဒါရိုက်တာ Lom က အဆိုပါမှတ်တမ်းရုပ်ရှင်ကို မြန်မာနိုင်ငံမှာလည်း ပြသဖို့ ရည်ရွယ်ထားကြောင်းလည်း ဆိုပါတယ်။ “ဒီရုပ်ရှင် ပိတ်ပင်ခံရမယ်လို့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် ဆင်ဆာအဖွဲ့ဆီကနေ ပြသခွင့် ခွင့်ပြုချက်ကတော့ ယူရမှာပဲ။ ဒါ ပြဿနာမရှိဘူးလို့ ကျနော်ထင်တယ်။”