Emerson Network Power ကုမ္ပဏီမှ “Vertiv” အမည်သစ်ဖြင့် မြန်မာနိုင်ငံမှာ ရုံးဖွင့်လှစ်သွားမယ်လို့ မေလ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ Melia ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။
“Vertiv” ဟာ နာမည်အသစ်ဖြစ်ပြီး ကမ္ဘာ့နည်းပညာ လုပ်ငန်းနယ်ပယ်မှာ နှစ်ကာလကြာမြင့်စွာ ဦးဆောင်ရပ်တည်နေတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။ Vertiv ကုမ္ပဏီက အချက်အလက်များကို စုဆောင်းပေးသော ဒေတာစင်တာများ၊ ဆက်သွယ်ရေးကွန်ယက်များ၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းများမှာ မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းများ ထောက်ပံ့ပေးနေတဲ့ စီးပွားရေးမိတ်ဖက် ကုမ္ပဏီတခု ဖြစ်ပါတယ်။
“မြန်မာနိုင်ငံဟာ အာရှမှာ Vertiv ကုမ္ပဏီအတွက် အရေးကြီးတဲ့ ဈေးကွက်တခု ဖြစ်ပါတယ်။ ပြည်တွင်း ကုမ္ပဏီကြီးတွေနဲ့ နိုင်ငံတကာ စီးပွားရေးကုမ္ပဏီကြီးတွေမှာ နည်းပညာအသစ်တွေကို မြန်မြန်ဆန်ဆန် အသုံးချလာကြတာ တွေ့မြင်ရပါတယ်” လို့ Vertiv အင်ဒိုချိုင်းနားမှ အုပ်ချုပ်မှုဒါရိုက်တာ Mr.Pichet Ketruam က ပြောပါတယ်။
သူက ဆက်လက်ပြီး “အခုလို မြန်မာနိုင်ငံမှာ နည်းပညာ အသစ်အဆန်းတွေကို အသုံးချလာမှုတွေကို တွေ့ရှိချက်အရ Vertiv ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်ဖို့ အခြေအနေကောင်းတွေရှိပြီး မြန်မာနိုင်ငံက ဖောက်သည်တွေကို နည်းပညာပိုင်းမှာ အထောက်အကူတွေ အများအပြားပေးနိုင်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွက် လျှပ်စစ်စွမ်းအား၊ အပူနှင့် အိုင်တီနည်းပညာများကို စီမံခန့်ခွဲသည့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို Vertiv ကုမ္ပဏီမှ ဝန်ဆောင်မှုပေးသွားမယ်လို့ Mr. Pichet Ketruam က ဆိုပါတယ်။
Vertiv ဟာ ဆက်သွယ်ရေးကုမ္ပဏီများအတွက် Turnkey data center solutions၊ Prefabricated data centers၊ Collocation facilities စတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အောင်မြင်မှုရရှိထားတဲ့ ကုမ္ပဏီတခုဖြစ်ပြီး မကြာ သေးမီက Vertiv ဟာ KMD ကုမ္ပဏီနဲ့ ပြည်တွင်းဈေးကွက်အတွက် ဖြန့်ချိရေးပါတနာအဖြစ် စာချုပ်ချုပ်ဆိုထားပြီလို့ သိရပါတယ်။
ဒေတာစင်တာများ၊ ဆက်သွယ်ရေးကွန်ယက်များ၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းများမှာ မရှိမဖြစ် လိုအပ်တဲ့ Application များကို ထောက်ပံ့ပေးနေတဲ့ စီးပွားရေးလုပ်ငန်းသုံး နည်းပညာလိုအပ်ချက်များ ဒီဇိုင်းဆွဲပေးခြင်း၊ တည်ဆောက်ပေးခြင်းနဲ့ ဝန်ဆောင်မှုပေးခြင်းတို့ကို Vertiv က လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။