Lifestyle

ကွယ်လွန်သူ ဂျိမ်းစ်ဘွန်းမင်းသားဟောင်း Roger Moore ကိုချီးကျူးခဲ့တဲ့ Pierce Brosnan

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က ကင်ဆာရောဂါဖြင့် ဆွစ်ဇာလန်နိုင်ငံမှာ သေဆုံးသွားခဲ့တဲ့ အသက် ၈၉ နှစ်အရွယ် ဂျိမ်းစ်ဘွန်းမင်းသားကြီး Roger Moore ဟာ ဂျိမ်းစ်ဘွန်းမင်းသားတွေထဲမှာ အကောင်းဆုံးပါလို့ ဂျိမ်းစ်ဘွန်း မင်းသားဟောင်းတဦးဖြစ်သူ Pierce Brosnan က ပြောဆိုလိုက်ပါတယ်။

People မဂ္ဂဇင်းမှာ Pierce Brosnan ရဲ့အဆိုအရ Roger နောက်ဆုံးသရုပ်ဆောင်ထားတဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ကားဟာ နောက်လာမယ့် ဂျိမ်းစ်ဘွန်း မျိုးဆက်သစ်မင်းသားတွေအတွက် အတုယူစရာတွေရှိတယ်လို့ ဆိုပါတယ်။ Roger က UNICEF နှင့် ပူးပေါင်းပြီး Save The Children အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ Roger ရဲ့ ခြေလှမ်းတွေအတိုင်း လိုက်လျှောက်ခဲ့ရတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်လို့ Pierce က ပြောကြားခဲ့ပါတယ်။

Roger Moore ဟာ ၁၉၇၃ ခုနှစ်မှာ စတင်ပြီး Live and Let Die ဆိုတဲ့ ဂျိမ်းစ်ဘွန်းဇာတ်လမ်းမှာ ပထမဆုံး သရုပ်ဆောင်ခဲ့တာပါ။ ဂျိမ်းစ်ဘွန်းဇာတ်ကောင်မင်းသားအဖြစ် ၁၉၇၃ မှ ၁၉၈၅ ခုနှစ်အထိ ပါဝင်သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

၁၉၆၂ မှ ၁၉၆၉ ခုနှစ် အတွင်းမှာ The Saint ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲများမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

၁၉၉၁ ခုနှစ်မှာ UNICEF ရဲ့ သံအမတ်အဖြစ်ခန့်အပ်ခံခဲ့ရပြီး ၂၀၀၃ မှာ ပရဟိတလုပ်ငန်းများဆောင်ရွက်မှုကြောင့် ဒုတိယမြောက် အင်္ဂလန်ဘုရင်မကြီး Elizabeth ရဲ့ သူရဲကောင်းဘွဲ့ကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

မင်းသားကြီး Roger ဟာ ၄ ကြိမ်လက်ထပ်ခဲ့ဖူးပြီး ၃ ကြိမ် အိမ်ထောင်ကွဲခဲ့ပါတယ်။ သူ့မှာ Geoffrey နဲ့ Christian ဆိုတဲ့ သားနှစ်ယောက်နဲ့ Deborah ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်လို့ သိရပါတယ်။

Ref:economictimes.indiatimes/Wikipedia

သုန္ဒြီဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading