မြန်မာနိုင်ငံ၏ ကြီးကျယ်ခမ်းနားသော JUNCTION CITY FASHION WEEK ပွဲတော်ကြီးကို ဗိုလ်ချုပ်ဈေးအနီးရှိ Junction City တွင် ၂၉.၅.၂၀၁၇ မှ ၄.၆.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ နိုင်ငံကျော် အနုပညာရှင် များစွာ ပါဝင်မည့် အဆိုပါပွဲတော်တွင် Fashion ဆိုင်ခန်းများ၊ Fashion Show များ၊ ဖျော်ဖြေရေး နှင့် ကံစမ်းမဲ အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
The Four အဖွဲ့၏ Cover Songs Night ဂီတဖျော်ဖြေပွဲကို ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Yangon Yangon Rooftop Bar တွင် ၃.၆.၂၀၁၇ ရက်နေ့ ည ၈ နာရီ၌ ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေး ၇ ထောင်ကျပ် သတ်မှတ်ထားသည်။
စီးတီးမတ် စူပါမားကက် တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့်၏ စွန့်ဦးတီထွင် ခရီးလမ်းအကြောင်းကို ရွှေဂုံပလာဇာရှိ Parami Institute of Liberal Arts and Sciences တွင် ၃၁.၅.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီ၌ ပြုလုပ်သွားမည်ဖြစ်သည်။ လူဦးရေ ကန့်သတ်ထားပြီး တက်ရောက်လိုပါက ဖုန်းနံပါတ် ၀၉ ၅၁၁ ၄၀၀၄ (သို့) ၀၉၇၉ ၅၂၅ ၇၁၂၅ သို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။
အဆင့်မြင့် အိမ်တွင်းလူသုံးကုန် ပစ္စည်းများကို ရောင်းချပေးသွားမည့် Home Expo 2017 by Grand Style အရောင်းပြပွဲကြီးကို ဂမုန်းပွင့်၊ လှည်းတန်း (စံရိပ်ငြိမ်) တွင် ၁.၆.၂၀၁၇ မှ ၄.၆.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ အရောင်းပြပွဲတွင် အိမ်တွင်းလူသုံးကုန် ပစ္စည်းအမျိုးပေါင်း များစွာကို အထူးဈေးနှုန်းများဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
K2 and the Invisible Footmen ရုပ်သံမှတ်တမ်းကို ဘိုကလေးဈေးလမ်းရှိ Myanmar/Art အနုပညာပြခန်းတွင် ၃၁.၅.၂၀၁၇ ရက်နေ့၌ ပြသသွားမည်ဖြစ်သည်။ အဆိုပါရုပ်သံမှတ်တမ်းတွင် ကမ္ဘာ့ဒုတိယ အမြင့်ဆုံးတောင်မှ တောင် တက် အထမ်းသမားတဦး၏ ဖြတ်သန်းမှုများကို မြင်တွေ့ကြရမည် ဖြစ်သည်။
ပြင်သစ်ယဉ်ကျေးမှုဌာနမှ Non Nova အဖွဲ့၏ လေပေါ်လွင့်မျောမှုဆိုင်ရာ အနုပညာတင်ဆက်မှုကို မြို့မကျောင်းလမ်းရှိ အမျိုးသားပြဇာတ်ရုံတွင် ၂.၆.၂၀၁၇ ရက်နေ့ ညနေ ၄ နာရီ၌ စတင် တင်ဆက်သွားမည် ဖြစ်သည်။ ရုပ်သေးဆရာ၏ ပလတ်စတစ်အရုပ်လေးများ လွင့်မျောဟန် ကပြ တင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများမှာ လူကြီး ၅ ထောင်၊ ကျောင်းသားနှင့် အသက် ၁၆ နှစ်အောက် ကလေးများအတွက် ၃ ထောင်ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
James Cook University ပညာရေးဆွေးနွေးပွဲကို ဆူးလေရှန်ဂရီလာဟိုတယ်၊ ပင်းယခန်းမတွင် ၃.၆.၂၀၁၇ ရက်နေ့ နေ့လယ် ၂ နာရီ၌ ပြုလုပ်သွားမည်ဖြစ်သည်။ ကမ္ဘာ့သုတေသနလုပ်ငန်းများနှင့် စီးပွားရေးနယ်ပယ်အသီးသီးအတွက် ကျွမ်းကျင် နည်းပညာရှင်များနှင့်အတူ သုတေသနပညာရှင် အများအပြားကို နှစ်စဉ်နှစ်တိုင်း မွေးထုတ် ထောက်ပံ့ ပေးနေသည့် James Cook တက္ကသိုလ်သို့ ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ရန် သတင်းအချက်အလက်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ် လမ်းသရဲလေးများ (The Ayeyarwaddy Delta Daredevils)အဖွဲ့၏ တေးဂီတဖျော်ဖြေပွဲကို ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ ရှိ 50th Street café Restaurant and Bar တွင် ၂.၆.၂၀၁၇ ရက်နေ့၌ ပြုလုပ်သွား မည်ဖြစ်သည်။ ဝင်ကြေး အခမဲ့ဖြစ်ပြီး ဂီတအမျိုးအစား စုံလင်စွာ ခံစားနားဆင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပန်းချီနေဆန်း၏ Yesterday’s Tomorrow ပန်းချီပြပွဲကို ပြည်သူ့ရင်ပြင်ရှိ Yangon Gallery တွင် ၂၇.၅.၂၀၁၇ မှ ၃၁.၅.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံ ရေဆေးပန်းချီကားပေါင်း များစွာကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပန်းချီကြည်အောင်ကျော်၊ စိုးမင်းထွန်းနှင့် မင်းကျော်စွာတို့၏ Dear June ပန်းချီပြပွဲကို ပန်းဘဲတန်းမြို့နယ်၊ ၃၁ လမ်း ရှိ Cloud31 ပန်းချီပြခန်းတွင် ၁.၆.၂၀၁၇ မှ ၄.၆.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် အခရိုင်းလစ်၊ ရေဆေး ပန်းချီကား ၂၀ ကျော် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။