Harry Potter နဲ့ Beauty and the Beast ရုပ်ရှင်ဇာတ်ကားတွေရဲ့ဇာတ်ကောင်မင်းသမီးဖြစ်သူ အမ်မာဝပ်ဆန်က ရှေးရိုးရာတွေကိုပယ်ပြီး ချစ်သူဖြစ်သူ အသက် ၃၇ နှစ်အရွယ် အမေရိကန် နည်းပညာအကြီးအကဲတဦးဖြစ်သူ ဝီလျံမက်ခ်နိုက်ခ်ကို သူ့ဘက်ကစပြီး ချစ်ခွင့်ပန်ချင်ပါတယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။
အမ်မာက သူ့အနေနဲ့ ချစ်သူဖြစ်သူ ဝီလျံဘက်က ကမ်းလှမ်းလာမယ့်အရေးကို စောင့်ဆိုင်းမနေချင်ဘဲ သူကိုယ်တိုင် သူ့ရဲ့ ခင်ပွန်းဖြစ်လာမယ့်သူကို မေးမြန်းလိုက်ချင်ပါတယ်လို့ သူငယ်ချင်းတွေကို ဝန်ခံပြောကြားခဲ့ကြောင်း micetimes သတင်းက ဆိုပါတယ်။
“ယောက်ျားလေးဘက်ကစပြီး ချစ်ခွင့်ပန်တာက ခေတ်ဟောင်းမှာ ကျန်ခဲ့ပါပြီ။ အခုလိုလုပ်ချင်တာကလည်း အမျိုးသမီး တွေကို ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဘဝမှာဆုံးဖြတ်နိုင်အောင် တွန်းအားပေးချင်လို့ပါ” လို့လည်း ပြောဆိုထားပါတယ်။

ဗြိတိန်အခြေစိုက် Grazia မဂ္ဂဇင်းမှာ သူတို့အနေနဲ့ စေ့စပ်ဖို့အဆင်သင့်ဖြစ်နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဝီလျံက သူ့အတွက် အားကိုးရတဲ့သူ၊ အရမ်းချစ်ရတဲ့သူ၊ အခက်အခဲတွေရှိတိုင်း ကူညီဖေးမပေးသူ၊ ယောကျာ်း မိန်းမ အဆင့်အတန်းမခွဲခြားသူတဦးပါလို့လည်း ပြောဆိုထားပါတယ်။
အမ်မာဝပ်ဆန်ဟာ၂၀၁၄ ခုနှစ်မှာ Rugby ဘောလုံးကစားသမား မက်သော်ဂျန်နေး နဲ့ လမ်းခွဲခဲ့ပြီး အကြီးအကျယ် ဝမ်းနည်းပူဆွေးခဲ့ရပါတယ်။ သူ့ရဲ့ အသည်းကွဲဝေဒနာကို ဝီလျံက ကုသပေးခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်မှာ ဝီလျံက က မိခင်ဖြစ်သူနဲ့ အမ်မာကို မိတ်ဆက်ပေးခဲ့ပါတယ်။ မိခင်ဖြစ်သူက အမ်မာကို သဘောကျနှစ်ခြိုက်ခဲ့ကာ အမ်မာနဲ့ ဝီလျံတို့နှစ်ဦးရဲ့ ဆက်ဆံရေးက ပိုပိုပြီးခိုင်မြဲလာခဲ့ပါတယ်။ ဝီလျံရဲ့ မိခင် ပြောပုံအရ ဝီလျံက အလုပ်များတဲ့အတွက် အမ်မနာနဲ့ မကြာခဏတော့ မတွေ့ဖြစ်ဘူးလို့ သိရပါတယ်။
ဝီလျံဟာ အမ်မာထက် အသက် ၁၀ နှစ်ကြီးတယ်လို့ သိရပါတယ်။ ဖခင်က ဂေါ့ဖ်ကလပ်ရဲ့ဒါရိုက်တာတဦးဖြစ်ပြီး ချမ်းသာကြွယ်ဝတဲ့ မျိုးရိုးနောက်ခံရှိသူတဦးလည်း ဖြစ်တယ်လို့ Daily Mail သတင်းက ဆိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ သူဟာ ကိုလံဘီယာနိုင်ငံမှ MBA ဘွဲ့ရရှိခဲ့ပြီး Medallia ဆော့ဖ်ဝဲလ်ကုမ္ပဏီမှာ စီနီယာမန်နေဂျာအဖြစ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
People မဂ္ဂဇင်းရဲ့ အဆိုအရ သူတို့နှစ်ဦးကို ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် Broadway Show မှာ စတင် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုဆို ချစ်သူသက်တမ်း တနှစ်ခွဲလောက်ရှိနေပါပြီ။
Ref:dailymail/micetimes.asia
သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။