သက်ဆိုင်ရာဌာနတွေကို တိုင်ကြားနိုင်မယ့် မိုဘိုင်းဖုန်းအပလီကေးရှင်း မိတ်ဆက်
Action Aid နဲ့ Mizzima Media Group တို့ ပူးပေါင်း ထုတ်လုပ်တဲ့ ဘေးကင်းလုံခြုံသော မြို့ပြဝန်းကျင်ဖန်တီးရေးအတွက် Safe Cities Mobile Phone Application ကို မနေ့က စတင် မိတ်ဆက်လိုက်ပါတယ်။
ဒီ application က မိမိရောက်ရှိနေတဲ့နေရာဟာ အန္တရာယ်ကင်းမကင်း အချက်ပြပေးခြင်း၊ နောက်ပြီး မိမိမှာ အန္တရာယ် တစုံတရာ ကြုံတွေ့လာပါက ဒီ အပလီကေးရှင်းမှ တဆင့် သက်ဆိုင်ရာဌာနများသို့ တိုင်ကြားနိုင်ခြင်းတို့ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
အမျိုးသမီးတွေအတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ အပလီကေးရှင်းတခု ဖြစ်ပြီး အမျိုးသမီးတွေအနေနဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ မလုံခြုံမှု အခြေအနေများ (လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရခြင်း၊ အခြားအကြမ်းဖက်ခံရခြင်းတို့ အပါအဝင်) ကို ပြည်သူတွေအနေနဲ့ သတိပြုဆင်ခြင်မိစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။
“အခုခေတ်မှာ မိုဘိုင်းလ်ဖုန်းတွေ အသုံးများလာကြတယ်။ ဒီတော့ ကျမတို့ မိုဘိုင်းလ်ဖုန်းအပလီကေးရှင်းကို လုပ်ခဲ့ပါတယ်။ ဖုန်းသုံးတဲ့သူတိုင်းက ဒီ အပလီကေးရှင်းလေးကို ဖုန်းထဲမှာ ထည့်ထားပြီး ဒီ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး ပိုပြီး သိရှိလာကြဖို့ ရည်ရွယ်ပါတယ်။ နောက်တခုက ဒီ အပလီကေးရှင်းကို သုံးပြီး ကျမတို့ ရောက်နေတဲ့နေရာက လုံခြုံမှု ရှိမရှိကို တိုင်းတာနိုင်မယ်။ ပြီးတော့ ဘာကြောင့်မလုံခြုံတာလဲ၊ ဘာတွေ လိုနေတာလဲ၊ ဘာတွေ အားနည်းနေတာလဲဆိုတာကို ရှာဖွေနိုင်မှာဖြစ်ပါတယ်” လို့ Road Safety ရဲ့ Ambassador, Health and Fitness model/ Lifestyle Influencer model ဖြစ်သူ သန္တာလှိုင်က ပြောပါတယ်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က “ဒါ တကယ်ကို ကောင်းမွန်တဲ့ အပလီကေးရှင်းတခုပါ။ ဒါပေမယ့် အားနည်းချက်တချို့က ဒီမှာ EPC ဖုန်းနံပါတ် မတွေ့ရဘူးဗျ။ အခုလက်ရှိ ကျနော်တို့ မြန်မာနိုင်ငံမှာ ဟော့နေတာက လျှပ်စစ်မီးပျက်တဲ့ကိစ္စလေ။ နောက်ပြီး မြို့နယ်အလိုက် မီးသတ်၊ ရဲစခန်း ဖုန်းနံပါတ်တွေ၊ နောက်တခုက ကျနော်တို့ ကိုယ်စားလှယ်တွေရဲ့ ဖုန်းနံပါတ်တွေပါ ထည့်ပေးထားနိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ခဏခဏ ဆက်နေရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ။ ကျနော်တို့ တဖြည်းဖြည်းချင်း လိုအပ်တာတွေ ပြင်ယူလာနိုင်ရင်တော့ တကယ့်ကို အသုံးဝင်တဲ့ အပလီကေးရှင်းတခု ဖြစ်မှာပါ” လို့ သုံးသပ်ပြောဆိုပါတယ်။
ဒီ အပလီကေးရှင်းကို google play store မှာ “SafeCities” လို့ ရိုက်ကာ Download ရယူပြီး မိမိကိုယ်တိုင် အတွက်သာမက ပတ်ဝန်းကျင်မှာ မြင်တွေ့နေရသော ကိစ္စများကိုပါ ရေးသား တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။