နေပြည်တော်ကို ရောက်တုန်းရောက်ခိုက် အချိန်သိပ်မပေးရဘဲ အပန်းဖြေခရီးတို သွားချင်တယ်ဆိုရင်တော့ အမြန်လမ်းမကြီး မိုင်တိုင် ၂၁၇ အနီးမှာ တည်ရှိတဲ့ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း ရှိပါတယ်။
ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းက နေပြည်တော် မြို့မဈေးကနေ မိနစ် ၃၀ လောက် ကားမောင်းသွားရင် ရောက်ပါတယ်။ နေပြည်တော် အမြန်လမ်းပေါ်ကနေ တဆင့် မိုင်တိုင် ၂၁၇ ရောက်ရင် မြေနီလမ်းချိုးတခုကို ၂ ဖာလုံခန့်သွားပြီးရင်တော့ ဆင်စခန်းကို ရောက်ရှိပါပြီ။ အဲဒီ မြေနီလမ်းသွယ်ကတော့ အနည်းငယ်ကျဉ်းတာမို့ ကားကြီးကားငယ်အကုန်သွားမယ်ဆို လမ်းကျယ်နေရင် ပိုအဆင်ပြေမှာပါ။
ကားနဲ့မသွားချင်သူတွေကတော့ ငလိုက်ဆည် အနီးမှာရှိတဲ့ ငလိုက်ဟိုတယ်ကနေ စက်လှေစီးပြီး ရေလမ်းအနေနဲ့ သွားလို့ရကာ စက်လှေငှားခကတော့ ၃၀၀၀၀ ကျပ်ပါ။
ဒီ ဆင်စခန်းကိုရောက်ပြီဆိုတာနဲ့ သစ်ရိပ်၊ ဝါးရိပ်၊ ကျေးငှက်အသံတွေနဲ့ စိမ်းစိုသာယာနေတဲ့ ပတ်ဝန်းကျင်ကို အရင်ဆုံးထိတွေ့ရမှာပါ။ ဆင်စီးချင်သည်ဖြစ်စေ၊ မစီးချင်သည်ဖြစ်စေ တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင်က စိတ်အပန်းပြေစေနိုင်မှာပါ။ ဆင်စခန်းရဲ့ဘေးမှာ ငလိုက်ဆည် တည်ရှိသလို ဆည်နဲ့ ဆင်စခန်းက ထိစပ် နေတာလည်းဖြစ်ပါတယ်။ ဆည်နဲ့ ဆင်စခန်း ထိစပ်နေတဲ့ ရေစပ်မှာ သဘာ၀ ဝါး၊ ဓနိတဲလေးတွေ ဆောက်လုပ်ပေးထားပြီး ဆင်စခန်းက ရောင်းချတဲ့ အစားအစာတွေကို အဲဒီနေရာတွေကတဆင့် မှာယူစားသောက်နိုင်ပါတယ်။
ငလိုက်စခန်းသာ ဆင်စခန်းကို မေလ ၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး လူ ၂၀၀ အထိ လာရောက်လည်ပတ်တဲ့ နေ့အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော် အမြန်လမ်းတလျှောက်မှာ ဖွင့်လှစ်တဲ့ ၄ ခုမြောက် ဆင်စခန်းလည်း ဖြစ်ပါတယ်။
ဆင်စခန်းမှာ ပြည်တွင်းခရီးသွားများအတွက် ဝင်ကြေး ၁၀၀၀ နဲ့ ဆင်စီးခ ၅၀၀၀၊ ပြည်ပ ခရီးသွားတွေအတွက် ဝင်ကြေး ၂၀၀၀၀ နဲ့ ဆင်စီးခ ၂၀၀၀၀ သတ်မှတ်ထားပါတယ်။ဆင်စခန်းမှာ ဆင်ထီး ၅ ကောင်၊ ဆင်မ ၂ ကောင် ရှိပြီး အသက်အကြီးဆုံး ဆင်ရဲ့ အသက်က ၄၅ နှစ် ရှိနေပြီလို့ သိရပါတယ်။ ဧက ၂၀ ကျော်ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ တည်ရှိတာဖြစ်ပြီး မြန်မာ့သစ်ထုတ်လုပ်ရေးလုပ်ငန်းရဲ့ အုပ်ချုပ်မှုအောက်ကနေ ဖွင့်လှစ်ထားခြင်းလည်း ဖြစ်ပါတယ်။
ငလိုက်စခန်းသာ ဆင်စခန်း မှ ဆင်ခေါင်း ကိုမောင်ဝင်းက “စနေ၊ တနင်္ဂနွေဆို လူပိုလာကြတယ်၊ တခါတလေဆို တန်းစီပြီးတော့ လက်မှတ်ဖြတ်ကြရတယ်။ လာတဲ့သူအများစုလည်း ဆင်စီးကြတယ်” လို့ ပြောပါတယ်။
ငလိုက်ဆင်စခန်းမှာ ရှိနေတဲ့ ဆင်အများစုဟာ ပဲခူးရိုးမ သစ်ထုတ်လုပ်ရေးစခန်းများက သစ်ဆွဲဆင် အမျိုးအစားတွေ ဖြစ်ပါတယ်။ သစ်ထုတ်လုပ်ရေး စခန်းတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် ဆင်တွေမှာ အလုပ်မရှိဖြစ်သွားတာကြောင့် နိုင်ငံတဝှမ်းမှာရှိတဲ့ ဆင်စခန်းအချို့ကို အဲဒီ ဆင်တွေကို ပို့ဆောင်လိုက်ပါတယ်။
ဒီဆင်စခန်းက အခြားအိမ်နီးချင်းနိုင်ငံတွေမှာ ဖွင့်တဲ့ပုံစံလိုမျိုး အဆင့်အတန်း လိုက်မမှီပေမယ့် ဒီလိုပိုနေတဲ့ ဆင်တွေကို အသုံးပြုပြီး တိုင်းပြည်ဝင်ငွေရအောင် တဖက်တလှမ်းက လုပ်ဆောင်ပေးနေပါတယ်။