Clean Yangon Campaign ရဲ့ ဒုတိယအကြိမ်မြောက် အမှိုက်ကောက်တဲ့ Campaign ကို ယခုလ ၁၁ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပထမအကြိမ်ကိုတော့ ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီ Campaign ဟာ ရန်ကုန်မှာ စည်းကမ်းမဲ့ အမှိုက်ပစ်တာတွေ မဖြစ်အောင်၊ နောက်ပြီး ကလေးရော လူကြီးပါ လူတိုင်းကို အမှိုက်မပစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
Clean Yangon Campaign အနေနဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာလည်း ပရဟိတအသင်းအဖွဲ့များ၊ စိတ်ပါဝင်စားသူများကို ပါဝင်ပူးပေါင်းနိုင်ကြောင်း ဖိတ်ခေါ်ထားတာတွေလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ စာရင်းပေးသွင်းထားတဲ့ အသင်းပေါင်း ၂၀ ခန့်ရှိနေပြီလို့လည်း သိရပါတယ်။
“အခု လက်ရှိမှာတော့ စာရင်းပေးထားတဲ့အဖွဲ့က ၂၀ ပတ်ဝန်းကျင်လောက်ပဲ ရှိပါသေးတယ်။ ပြီးခဲ့တဲ့တခေါက်ကတော့ အဖွဲ့ ၄၀ လောက်ပါတယ်ပေါ့နော်။ ဒီတခေါက်ကတော့ ဟိုနေ့ကမှလည်း တင်လိုက်တာ၊ နောက်ပြီး အချိန်လည်း ကျန်နေသေးတော့ နောက်ထပ် စာရင်းပေးသွင်းမယ့်အဖွဲ့တွေ ရှိနေပါသေးတယ်။ အခုကတော့ Green & Clean, မင်္ဂလာပါလူငယ်ပရဟိတအသင်း၊ သဒ္ဓါစမ်းရေ ပရဟိတအသင်း၊ Careteens, Heart to Heart, မျှဝေခံစား ကူညီသူများ ပရဟိတအသင်းစတဲ့ အသင်းတွေတော့ စာရင်းပေးထားပါတယ်” လို့ Clean Yangon Campaign မှ organizer ဖြစ်သူ မသဉ္ဇာအေးက ဧရာဝတီကို ပြောပါတယ်။
မဟာဗန္ဓုလပန်းခြံမှာ စုရပ်လုပ်မှာဖြစ်ပြီး မြို့တော်ခန်းမတဝိုက်၊ကျောက်တံတား၊ပန်းဘဲတန်းမြို့နယ်တွေကို အဖွဲ့ ၆ ဖွဲ့ ခွဲကာ အမှိုက်ကောက်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
ဒီ Campaign ကို တလကို တနေရာ၊ တလတကြိမ်နှုန်းနဲ့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ “ကျမတို့ တလကို တနေရာ လောက် လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ မတူတဲ့နေရာတွေကို ကျမတို့ရွေးမယ်၊ အဓိကကတော့ လူစည်ကားတဲ့ နေရာတွေကို target ထားထားပါတယ်။ အများသူငါ ပူးပေါင်းနိုင်တဲ့ ပိတ်ရက်ဖြစ်ရမယ်။ လစဉ်လတိုင်းလည်း ကျင်းပသွားမယ်လို့ ကျမတို့ ရည်ရွယ်ထားပါတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။
ဆက်လက်ပြီး အမှိုက်ကောက်တာအပြင် အမှိုက်ပုံးတွေ ထားရှိပေးဖို့၊ ပြည်သူတွေကို ပညာပေးအစီအစဉ်များ ပြုလုပ်ဖို့ အစီအစဉ်တွေရှိကြောင်းကိုလည်း သူက “ကျမတို့ အမှိုက်ပုံးတွေလည်း ထားပေးဖို့ အစီအစဉ်ရှိပါတယ်။ ပြီးခဲ့တဲ့လက ဆိုရင်လည်း ကျမတို့ organizer တွေ အစည်းအဝေးလုပ်ပြီး လိုအပ်တဲ့ သန့်ရှင်းရေးပစ္စည်းတွေ ဝယ်တယ်။ အခုလည်း ကျမတို့ကို အမှိုက်ပုံးနည်းတယ်၊ အမှိုက်ပုံးမရှိဘူးဆိုတဲ့ ပြည်သူတွေဘက်က အသံတွေကို နားထောင်ထားရတယ်၊ ဒီတော့ လိုအပ်တဲ့နေရာတွေမှာ ကျမတို့ တတ်နိုင်သလောက် အမှိုက်ပုံးတွေ ထားပေးသွားမှာပါ” လို့ ပြောပါတယ်။