ကမ္ဘာကျော် One Direction အဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ လီယမ်ပိန်း(Liam Payne)ဟာ တကိုယ်တော် အဆိုတော်ဘဝကို စတင်လျှောက်လှမ်းပြီး ဖခင်ဖြစ်လာတဲ့အချိန်ကစလို့ သူကိုယ်သူ ပြောင်းလဲလာသလို ခံစားမိတယ်လို့ ပြောဆိုလိုက်ပါတယ်။
အဆိုတော် လီယမ်ဟာ သူ့ရဲ့ချစ်သူ ရှယ်ရိုတွိဒီ(Cheryl Tweedy)မှာ ရင်သွေးလေး လွယ်ထားရပြီဖြစ်ကြောင်းကို ပြီးခဲ့တဲ့ မတ်လက တရားဝင်ကြေညာခဲ့ပါတယ်။
“ရှယ်ရိုဟာ တကယ့်ကို အံ့သြစရာကောင်းတဲ့ သူတယောက်ပါ။ ကျနော်နဲ့ မျက်ခြေမပြတ် အနားမှာ နီးနီးကပ်ကပ်ရှိချင်သလို လူအများထင်မထားနိုင်တဲ့ ကိစ္စတွေကိုလည်း သူတယောက်တည်း ပြီးမြောက်အောင် ဆောင်ရွက်တတ်သူတဦးပါ။ သူ ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်မှာတောင် ကျနော်မနိုင်နင်းတဲ့ တချို့သော အိမ်မှုကိစ္စတွေကို သူကိုယ်တိုင် လုပ်ဆောင်ပေးတာပါ။” လို့ လီယမ်က ဆိုပါတယ်။
ဆက်လက်ပြီးတော့ “သူဟာ အရမ်းခေါင်းမာသလို၊ စိတ်ဓာတ်မာကျောသူလည်းဖြစ်ပါတယ်” ဆိုပြီး ချစ်သူ ရှယ်ရိုအကြောင်းကို ပြောကြားခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုတော် လီယမ်ဟာ ၂၀၁၅ နှစ် အကုန်ပိုင်းလောက်မှာ တကိုယ်တော် ရပ်တည်ဖို့အတွက် One Direction အဖွဲ့နဲ့ လမ်းခွဲခဲ့ပြီး အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ လက်ရှိချစ်သူရှယ်ရိုနဲ့ စတင်လက်တွဲခဲ့တာပါ။
“One Direction အဖွဲ့ဝင်တယောက်အဖြစ် ရှိခဲ့တဲ့ အဲဒီအချိန်တွေက ကျနော့်ဘဝမှာ ပျော်စရာ အကောင်းဆုံးအချိန်တွေပါ။ ဒါပေမယ့်လည်း ပန်းတိုင်ကိုသွားနေတဲ့ပုံစံက အရမ်းကိုနှေးကွေးလွန်းပါတယ်။ အဲဒီလိုပုံစံမျိုးနဲ့ မနေချင်တော့ပါဘူး။ အခုတော့ ကျနော်လည်း လူကြီးတယောက်အဖြစ် ပြောင်းလဲလာပြီလို့ ခံစားရပါတယ်။ ကျနော်ရဲ့ ချစ်သူနဲ့အတူပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးလည်းရနေပါပြီ” လို့ သူ့ရဲ့ လက်ရှိဘဝအကြောင်းကို ပြောခဲ့တာပါ။
ဆက်လက်ပြီး သူက “အားလုံးထဲမှာ အပျော်ရွှင်ဆုံးကတော့ ရင်သွေးလေးပိုင်ဆိုင်ရတော့မှာပါပဲ။ မနက် အိပ်ရာနိုးလာတဲ့အခါမှာလည်း ဘာနဲ့မှ မတူတဲ့ခံစားမှုမျိုးနဲ့ နိုးထလာသလိုပါပဲ” လို့ ဆိုပါတယ်။
နောက်ထပ် ကလေးယူဖို့ မေးတဲ့အခါ “အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့်တိုင်ပင်ပြီးသားပါ။ နောက်ထပ်လည်းကလေးယူဖို့ အစီစဉ်ရှိပါတယ်။ ကလေးတွေနဲ့အတူ ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်ရင်း ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို တည်ဆောက်သွားမှာပါ” လို့ လီယမ်က ဖြေကြားခဲ့ပါတယ်။
Ref: gulfnews
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။