အခြေခံပညာကျောင်းတွေရဲ့ ကျောင်းဖွင့်ရာသီ စခဲ့ပါပြီ။ ကျောင်းအချို့ရဲ့အချိန်စာရင်း ထွက်ပေါ်လာပြီး စာကြည့် တိုက်အသုံးပြုချိန်ဆိုတာလည်း ထည့်သွင်းဖော်ပြထားတယ်။ အစိုးရကျောင်းတွေရော ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေရဲ့ အချိန်စာရင်းတွေမှာပါ စာကြည့်တိုက်အချိန် ပါဝင်ပါတယ်။
ကျောင်းစာကြည့်တိုက်တွေက အမှန်တကယ်ရှိပြီး ကျောင်းသူကျောင်းသားတွေ အသုံးပြုပြီး အသက်ဝင်နေတဲ့ စာကြည့် တိုက်တွေ ဖြစ်ဖို့လိုပါတယ်။
တချို့ကျောင်းတွေမှာ စာကြည့်တိုက်လည်းရှိတယ်။ စာအုပ်စာတမ်းလည်း ပြည့်စုံပါရဲ့နဲ့ စာကြည့်တိုက်မှူးအဖြစ် တာဝန်ခံ တာဝန်ယူမယ့် ဆရာ၊ ဆရာမ မရှိလို့ အဟောသိကံဖြစ်နေရတဲ့ ကျောင်းစာကြည့်တိုက်တွေ ရှိတယ်။
စာအုပ်တွေ စာအုပ် ဗီရိုထဲရှိနေရုံနဲ့ ကျောင်းသူကျောင်းသားတွေ အသိအမြင် ဗဟုသုတ တိုးလာမှာ မဟုတ်ပါဘူး။ စာဖတ်မှသာ အသိအမြင်တွေ တိုးလာမှာဖြစ်ပါတယ်။ တချို့ကျောင်းစာကြည့်တိုက်တွေမှာတော့ စာအုပ်သစ်တွေ ဝယ်ယူဖြည့်တင်းဖို့ မေ့လျော့နေတာကြောင့် စာအုပ်ဟောင်းတွေပဲ တဝဲလည်လည်ဖြစ်နေကြတယ်။
ကလေးတွေ စာဖတ်ခြင်းမှာ မွေ့လျော်တဲ့သူတွေဖြစ်လာအောင်၊ စာကြည့်တိုက်ကိုသွားတဲ့ဓလေ့ ထွန်းကားလာအောင် ငယ်စဉ် မှာကတည်းက လေ့ကျင့်သင်ကြားပေးရမှာဖြစ်ပါတယ်။
ကျောင်းစာကြည့်တိုက် ပီပီပြင်ပြင်မရှိသေးတဲ့ အခြေခံပညာကျောင်းတွေလည်း စာကြည့်တိုက်လေးတခု ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြံဆောင်ကြစေလိုပါတယ်။ ကျောင်းစာကြည့်တိုက်တွေက အဆောက်အဦတွေ ခန့်ထည်ကြီးမားနေဖို့ မလိုပါဘူး။ အမိုးအကာလုံခြုံတဲ့ စာသင်ခန်းလွတ်တခုကို ကျောင်းစာကြည့်တိုက်အဖြစ် အသုံးပြုလို့ရပါတယ်။
စာအုပ်စာတမ်း မပြည့်စုံသေးရင် လက်လှမ်းမီရာ အလှူခံပြီး စာအုပ်ဟောင်းလေးတွေနဲ့ စလိုက်ရင်ဖြစ်ပါတယ်။ မိတ်ဆွေ စာကြည့်တိုက်မှူးရဲ့စကားကို ဝေငှပါရစေ။ “စာကြည့်တိုက်တခု တည်ထောင်ရတာ လွယ်တယ်။ စာကြည့်တိုက်တခု ရေရှည် တည်တံ့အောင်လုပ်ရတာက ခက်တာ”။
စာဖတ်ခြင်းက မွေးရာပါဗီဇ မဟုတ်ပါဘူး။ စာဖတ်ခြင်းမှာ ပျော်မွေ့သူတွေဖြစ်အောင် ငယ်စဉ်ကတည်းက စနစ်တကျ လေ့ ကျင့်မွေးယူထားရတာဖြစ်ပါတယ်။ စာဖတ်ဝါသနာပါလာအောင် အသက်အရွယ်ကြီးရင့်လာမှ လုပ်ပေးဖို့ မလွယ်ပါဘူး။ က လေးတွေ စာဖတ်ဝါသနာပါစေချင်ရင် သူတို့နဲ့ လက်တကမ်းအကွာမှာ ဖတ်စရာ ကြည့်စရာ စာအုပ်တွေထားပေးရပါမယ်။
စာအုပ်တွေ့လို့ ကောက်ယူလှန်လှော ဖတ်ရှုရင်းနဲ့မှ စာဖတ်တဲ့အလေ့အကျင့် ဖြစ်လာမှာပါ။ စာဖတ်ခြင်းက စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားတတ်မှုကို ဖြစ်ပေါ်စေပါတယ်။ စာမဖတ်တဲ့သူတွေက အခြားသူတွေရဲ့စကားလုံးတွေအောက်မှာ ဝေဝေဝါးဝါး ဖြစ်ကြရစမြဲဖြစ်ပါတယ်။ စာမဖတ်ရင် အသိအမြင် ဗဟုသုတနည်းပါးတဲ့သူတွေ ဖြစ်ကုန်မှာပါပဲ။
စာဖတ်တဲ့အလေ့အထဖြစ်အောင် အခြေခံပညာကျောင်းတွေမှာ ကျောင်းစာကြည့်တိုက်တွေဖွင့်ပြီး စတင်လို့ရပါတယ်။ ကျောင်းစာကြည့်တိုက် အမြဲ ရှင်သန်ဖွံ့ဖြိုးစေဖို့ အားလုံးဝိုင်းဝန်းကြရမှာဖြစ်တယ်။
မိဘ၊ ဆရာ၊ ကျောင်းသားအပြင် လိုအပ်ပါက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ဒေသဆိုင်ရာအာဏာပိုင်တွေကို ကျောင်းစာ ကြည့်တိုက် ဖြစ်ပေါ်ဖို့အတွက် စာအုပ်စာတမ်းနဲ့ ပရိဘောဂတွေပါ အကူအညီ တောင်းခံနိုင်ပါတယ်။ ကျောင်းသားကိုယ်တိုင်က စာဖတ်ခြင်းမှာ ပျော်မွေ့လာပြီဆိုရင် အဲဒီစာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးတော့တာပါပဲ။
စာဖတ်ခြင်းက ပြည့်ဝစေသလို ရင့်ကျက်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် စာဖတ်ခြင်းက အခြားဖျော်ဖြေရေးတွေ ထက် အားစိုက်ရတယ်။ စာဖတ်တဲ့အခါ မျက်လုံး၊ ဦးနှောက်၊ လက် စတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက တပြိုင်နက် အလုပ် လုပ်နေရတယ်။
ရုပ်ရှင်ကြည့်တာ၊ ဂီတသံစဉ်တွေ နားထောင်တာ၊ ဂိမ်းဆော့ကစားတာစတဲ့ ဖျော်ဖြေရေးတွေက စာဖတ်ခြင်းလောက် မပင်ပန်းဘူး။ စာဖတ်ခြင်းက အားစိုက်လုပ်ဆောင်ရတာဖြစ်လို့ ပင်ပန်းတယ်။ ဒါပေမယ့် စာဖတ်ခြင်းအလေ့အကျင့် ကောင်းရ လာရင် စာဖတ်ခြင်းမှာ ပျော်မွေ့လာမှာဖြစ်ပါတယ်။
တချို့မိသားစုတွေမှာ မိခင်လောင်းကိုယ်ဝန်ရှိချိန် ဖခင်လောင်းက ဗိုက်နားကပ်ပြီး စာဖတ်ပြတာ၊ ဂီတသံစဉ်တေးသွား ချိုချို လေးတွေ ဆိုညည်းပြတာ လုပ်ပေးကြတယ်။ လူ့လောကထဲဝင်လာမယ့် ကလေးငယ်အတွက် စာပေ၊ အနုပညာတွေနဲ့ ဆီးကြို တာဖြစ်ပါတယ်။
သုတေသနတွေ့ရှိချက်တွေအရ မိခင်ဗိုက်အတွင်းမှာကတည်းက စာပေဂီတ အနုပညာတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူတွေဟာ နှလုံးသားနူးညံ့သူတွေ ဖြစ်လာကြပါသတဲ့။
ပြည်ပနိုင်ငံအချို့မှာတော့ မူလတန်းကျောင်းတွေမှာပင် ကျောင်းစာကြည့်တိုက်တွေ ထူထောင်ထားကြတယ်။ အဲဒီလို မူလ တန်းကျောင်းစာကြည့်တိုက်တွေမှာ ကလေးငယ်နဲ့သင့်တော်မယ့်စာအုပ်တွေကိုသာ သီးသန့်ရွေးထားပေးပါတယ်။
ကလေးငယ်တွေ စာအုပ်ဖတ်ရင်း စုတ်ပြဲသွားမှာ မစိုးရိမ်ကြဘူး။ ကလေးငယ်တွေ စာဖတ်တဲ့ဓလေ့ရဖို့လုပ်ထားတာဖြစ်တော့ စာအုပ်တွေနဲ့ဆော့ကစားနေလည်း ဆရာတွေက မဟန့်တားဘူး။ ဒီအတိုင်း ထိုင်ကြည့်နေကြတယ်။
စာကြည့်တိုက် သွားရမယ့်အချိန်ကို အချိန်စာရင်းမှာ တိတိကျကျ ဖော်ပြထားတယ်။စာကြည့်တိုက် စာအုပ်ဘီရိုထဲက ဘယ် စာအုပ်ကို ဖတ်ခဲ့ပါ။ နားလည်သလို ပြန်ပြောပြဆိုပြီး စာဖတ်စွမ်းရည် မှတ်ဉာဏ်နဲ့ ကလေးငယ်တွေရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်း ကို စစ်ဆေးကြတယ်။
ငယ်ငယ်အရွယ်မှာ ကတည်းက စာကြည့်တိုက်သွားတဲ့ အလေ့အကျင့်ကောင်းကို မွေးမြူပေးထားတာ ဖြစ်ပါတယ်။ သူတို့ ပညာရေးက ကိုယ်မှန်တယ်ထင်တာကို ယုံယုံကြည်ကြည် ရဲရဲရင့်ရင့် ပရိတ်သတ်ဗိုလ်ပုံအလယ် ပြောရဲဆိုရဲ ရှိအောင် လေ့ ကျင့်ပျိုးထောင်ပေးထားတယ်။
ကျောင်းစာကြည့်တိုက်တခု ရေရှည်ရှင်သန်ဖွံ့ဖြိုးရင် အဲဒီကျောင်းက ကလေးငယ်တွေရဲ့အနာဂတ် သာယာဖြောင့်ဖြူးမှာ ဖြစ် တယ်။ ကျောင်းစာကြည့်တိုက် အားလုံး ရှင်သန်ဖွံ့ဖြိုးလာရင် မြန်မာ့လူ့အဖွဲ့အစည်းအနာဂတ် ရွှေရောင်တောက်ပနေမှာ ဖြစ်ပါတယ်။ မြန်မာစကားမှာ စာပေမြင့်မှ လူမျိုးတင့်မယ် ဆိုထားတယ် မဟုတ်ပါလား။