ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က မန်ချက်စတာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရတဲ့ အဆိုတော် အာရီယာနာဂရမ်ဒီဟာ သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရခဲ့သူများအတွက် ရည်ရွယ်ပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် ရန်ပုံငွေဖျော်ဖြေပွဲကို ဇွန်လ ၄ ရက်နေ့က အဆိုပါ ဗုံးပေါက်ကွဲခဲ့ရာ မန်ချက်စတာမြို့မှာ ပြန်လည်ကျင်းပခဲ့ပါတယ်။
“One Love Manchester” လို့ အမည်ပေးထားတဲ့ အဆိုပါ ရန်ပုံငွေပွဲမှာ အာရီယာနာနဲ့အတူ Marcus Mumford, Take That, Robbie Williams, Pharrel Williams, Miley Cyrus, Niall Horan, Little Mix, Victoria Monet, Black Eyed Peas, Imogen Heap, Tony Walsh, Mac Miller, Katy Perry, Justin Bieber, Coldplay တို့က ပါဝင်သီဆိုပေးခဲ့တာပါ။
ဖျော်ဖြေပွဲကျင်းပနေချိန်မှာလည်း တီဗီရုပ်သံလိုင်းများအပါအဝင် ဆိုရှယ်မီဒီယာများဖြစ်ကြတဲ့ Facebook, Youtube နဲ့ Twitter တို့မှာလည်း တိုက်ရိုက်ထုတ်လွှင့်ရင်း အလှူရှင်များရဲ့ ရန်ပုံငွေများကို လက်ခံခဲ့ကြပါတယ်။
ပရိသတ် ၅၀၀၀၀ နီးပါး တက်ရောက်ဆင်နွှဲခဲ့ကြပြီး ကမ္ဘာအရပ်ရပ်က ပရိသတ်ပေါင်း ၁၄.၅ မီလီယမ် ထိအောင် တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သတင်းကဆိုပါတယ်။
မေလ ၂၂ ရက်နေ့ ပေါက်ကွဲမှုမှာ အာရီယာနာ ကိုယ်တိုင်ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သော်လည်း ပေါက်ကွဲမှုအပြီး ၂ ပတ်အတွင်း ရန်ပုံငွေပွဲအနေနဲ့ ပြန်လည်ကျင်းပနိုင်အောင် စီစဉ်ခဲ့ကြောင်း သူ့ရဲ့မန်နေဂျာက ဆိုပါတယ်။
“အဆင်သင့်ဖြစ်တာ သေချာရဲ့လား” လို့ သူ့ကိုမေးမြန်းခဲ့တဲ့အခါမှာ “ကျမ စင်ပေါ်တက်ပြီး သီဆိုဖို့အသင့်ပါ” လို့ မဆိုင်းမတွ ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းကဖော်ပြထားပါတယ်။
“One Love Manchester” ရန်ပုံငွေပွဲမှာ ပါဝင်ဖျော်ဖြေခဲ့သူတဦးဖြစ်တဲ့ ဂျက်စတင်ဘီဘာ ရဲ့သီဆိုဖျော်ဖြေမှုအလှည့်မှာ “Cold Water” နဲ့ “Love Yourself” အမည်ရ သီချင်းများကို “Acoustic Version” နဲ့ ကိုယ်တိုင်တီးခတ် ဖျော်ဖြေခဲ့ပါတယ်။ ဘီဘာဟာ အခြားသော အဆိုတော်များနည်းတူ ဗုံးပေါက်ကွဲမှုကြောင့် ကြေကွဲဝမ်းနည်းနေကြသူများအပါအဝင် ပွဲကြည့်ပရိသတ်များကို အားပေးစကား ပြောကြားခဲ့ကြောင်းလည်း သတင်းများက ဖော်ပြထားပါတယ်။
ဒါ့အပြင် အာရီယာနာက သူ့ရဲ့ “Dangerous Woman” လို့ အမည်ရတဲ့ နိုင်ငံတကာဖျော်ဖြေရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာလည်း ယခင် စီစဉ်ထားတဲ့အတိုင်း ကျင်းပဖို့ရှိကြောင်း သတင်းများက ဆိုထားပါတယ်။
ပစ်မှတ်ထား ဖောက်ခွဲခြင်းခံခဲ့ရတဲ့ အဆိုတော် အာရီယာနာရဲ့ ဂီတဖျော်ဖြေပွဲဟာ သေဆုံးသူ ၂၂ ယောက်အထိ ရှိခဲ့တာပါ။ ပွဲကိုလာရောက်ခဲ့ကြတဲ့ ပရိသတ်အများစုဟာလည်း ဆယ်ကျော်သက်အရွယ် ကျောင်းသားလေးများဖြစ်ကြပါတယ်။
ဇွန်လ ၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲမှ ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၂ မီလီယမ်ကျော်ရရှိခဲ့ပြီး အဆိုပါရန်ပုံငွေများကို “We Love Manchester Emergency Fund” သို့ ပေးအပ်ခဲ့ကြောင်း Fortune Magazine မှ ဖော်ပြထားပါတယ်။
အဆိုပါ ရန်ပုံငွေပွဲရဲ့ အပိတ်နှုတ်ဆက်သီချင်းအနေနဲ့ အာရီယာနာဟာ ပါဝင်ခဲ့ကြတဲ့ အဆိုတော်များ အားလုံးနဲ့အတူ သူ့ရဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ “One Last Time” အမည်ရ သီချင်းကို သံပြိုင်သီဆိုရင်း ဖျော်ဖြေပွဲကို အောင်မြင်စွာနဲ့ အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။
Ref: econotimes
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။