သရုပ်ဆောင် မော်ဒယ် နွယ်ဒါလီထွန်းက သူ့ရဲ့ပထမဆုံးဇာတ်လမ်းတွဲ “တစ္ဆေပျောက်ကြော်ငြာ” ရိုက်ကူးခဲ့စဉ်က အတော်လေး စိတ်ခြောက်ခြားစရာ ကောင်းခဲ့တယ်လို့ ဧရာတီကို ပြောဆိုပါတယ်။
“ဒီကားမှာတော့ ဒါလီက အစီအစဉ်တင်ဆက်သူနေရာက ပါဝင်ထားပါတယ်။ ဒါလီ ကိုယ်တိုင်ကလည်း သရဲကားတွေကြည့်ရတာ ကြိုက်တယ်။ ဒါပေမယ့် ရိုက်နေရင်းနဲ့လည်း စိတ်လှုပ်ရှားစရာတွေ အများကြီး ကြုံခဲ့တဲ့အတွက် ဒီကားလေးက တော်တော်လေးလည်း စိတ်ဝင်စားစရာကောင်းမယ်ထင်တယ်။ ဒါက ပထမဆုံး ဇာတ်လမ်းတွဲပါ။ ညဘက်တွေညလယ်တွေမှာ မြို့လယ်ခေါင်မှာ ရိုက်တာနည်းပြီးတော့ မြို့ပြင်မှာရိုက်တာဆိုတော့ စိတ်ခြောက်ခြားစရာကောင်းတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက “အခန်းတခု ရိုက်နေတုန်းမှာပဲ ဘေးနားမှာ ဘာမှပြုတ်ကျစရာမရှိဘဲနဲ့ ဓာတ်မီးကပြုတ်ကျလာတာ။ ဒါလီ့ဘေးနားမှာ ပြုတ်ကျတာပေါ့။ ပြုတ်ကျတာကို ဒီအတိုင်းဆို မသိသေးဘူး။ နန်းဆုကလန့်ပြီး ထအော်တော့မှ ခြောက်နေမှန်းသိပြီး ဒါလီကလိုက်အော်တာ။ ရိုက်နေရင်းနဲ့ပေါ့။ ဇာတ်ညွှန်းထဲမှာက အဲဒီပြုတ်ကျတဲ့အခန်းကမပါဘူး။ ရိုက်နေရင်းနဲ့ဖြစ်သွားတော့ အဲဒီအခန်းလေးပါသွားတယ်” လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
“တစ္ဆေပျောက်ကြော်ငြာ” ဆိုတဲ့ ဇာတ်လမ်းတွဲဟာ နွယ်ဒါလီထွန်းရဲ့ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲဖြစ်ပြီး ဒုတိယမြောက် ဇာတ်လမ်းတွဲဖြစ်တဲ့ “မင်္ဂလာရှိသောအရပ်” ဇာတ်လမ်းတွဲကိုတော့ လာမယ့် ၇ လပိုင်းမှာ ရိုက်မယ်လို့သိရပါတယ်။
နွယ်ဒါလီထွန်းဟာ Photo Model မှ တဆင့် ပရိသတ်အားပေးမှုရရှိခဲ့ပြီး ဗီဒီယိုဇာတ်ကားရိုက်ကူးမှုတွင် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေအနေနဲ့ “စစချင်းဗီဒီယို စရိုက်တုန်းကဆို ဒိုင်ယာလော့တွေပြောရတာ ထောက်တယ်ပေါ့။ ဘာလို့လဲဆိုတော့ အရင်က မော်ဒယ်အနေနဲ့ပဲ ရပ်တည်လာတာဆိုတော့ ကားရိုက်ဘက်ကို ပြောင်းလိုက်တော့ အဲဒီလို အခက်အခဲလေးတွေတော့ရှိတယ်။ ကင်မရာအနေအထား မကျွမ်းကျင်တဲ့အပိုင်းတွေပေါ့။ ကာရိုက်တာမျိုးစုံ သရုပ်ဆောင်ချင်ပါတယ်” လို့ နွယ်ဒါလီထွန်းက ပြောပါတယ်။
သူက ယခုလက်ရှိတွင် ဗီဒီယိုဇာတ်ကား ၁၀ ကား နဲ့ ဇာတ်လမ်းတွဲ ၁ ခု ရိုက်ကူးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။