ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးပြီး သရုပ်ဆောင် နေတိုး၊ မြင့်မြတ်၊ ဝတ်မှုန်ရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ကျွန်” ရုပ်ရှင်ဇာတ်ကား နဲ့ ပတ်သက်ပြီး ပုဂံဒေသခံတချို့မှ ကန့်ကွက်ပွဲကို ဇွန်လ ၇ ရက်နေ့က ပုဂံညောင်ဦးမြို့နယ်၊ မင်္ဂလာသာစည်ရပ်ကွက်မှာ ကျင်းပခဲ့ပါတယ်။
ကန့်ကွက်ပွဲမှာ “ကျွန် ရုပ်ရှင်ဇာတ်လမ်း (လုံးဝ) အလိုမရှိ၊ ချက်ချင်းရပ်” ၊ “ဘုရားကျွန် ဆိုသည်မှာ တောင်းရမ်းစားသောက်သူ မဟုတ်၊ ရောဂါဘယ စွဲကပ်သူမဟုတ်၊ ဘုရားကျွန် ဆိုသည်မှာ မြင့်မြတ်သော အမျိုးဖြစ်သည်” စတဲ့ စာသားများ ရေးထားတဲ့ ဗီနိုင်းများကိုင်ကာ ဒေသခံများ ကန့်ကွက်ခဲ့ကြပါတယ်။
အဆိုပါ အကြောင်းအရာနဲ့ပတ်သက်ပြီး ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က “ကျနော် ပြောချင်တဲ့ ဇာတ်ကားရဲ့ Message က တမျိုးပါ။ ကျနော် ပုဂံကို ရိုက်တယ်၊ ပုဂံဒေသက ကျနော်တို့ မြန်မာပြည်မှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် အလှအပတွေ ရှိတယ်။ ကျနော် တတ်သလောက်လေးနဲ့ အကောင်းဆုံး ကြိုးစားထားတယ်။ အဲဒီအပေါ်မှာ ရှိပြီးသား အကြောင်းအရာ၊ ဘုရားကျွန်ဆိုတာ ကျနော် မမွေးခင်ကတည်းက ရှိတဲ့အရာကို ရိုက်ကူးထားတယ်။ ဇာတ်လမ်းထဲမှာ ကျနော် နှိမ်ချခြင်း လုံးဝမပါဘူး။ ကြည့်တဲ့သူတိုင်းကလည်း အဲလိုပဲ ပြောတယ်။ ကျနော် တင်ပြတာကို လက်ခံကြတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
ဇာတ်လမ်းရဲ့ အဓိကရည်ရွယ်ချက်ဟာ အမေဟာ အမေပဲဆိုတဲ့ မလှပတဲ့ ရာဇဝင်၊ စစ်မှန်တဲ့ ရာဇဝင်ကို ဇာတ်ဆောင် မင်းသမီးက လက်ခံခဲ့ပုံ၊ သစ္စာတရားနဲ့ ပတ်သက်ပြီး လင်ယောကျာ်းပေါ်မှာ သစ္စာစောင့်သိပုံ၊ “လောဘကျွန်၊ မောဟကျွန်၊ ဒေါသကျွန်” စတဲ့ ကျွန်တွေထဲမှာ ဘုရားဝေယာဝစ္စ ပြုလုပ်နေတဲ့ “ဘုရားကျွန်”တွေက မြင့်မြတ်တယ် ဆိုတဲ့ အကြောင်းအရာတွေကို ရိုက်ပြထားတာလို့ ဒါရိုက်တာက ဆိုပါတယ်။
ပုဂံဒေသခံများဘက်မှ ကျွန်ဇာတ်ကားအပေါ် ကန့်ကွက်ချက်များ၊ မကျေနပ်ချက်များ ထုတ်ပြန်ခဲ့ပြီး ဥပဒေ တတ်ကျွမ်း နားလည်သူများနဲ့ တိုင်ပင်ကာ သက်ဆိုင်သူများဘက်မှ ညှိနှိုင်းဆောင်ရွက်ခြင်းမရှိပါက မကြာခင် တရားစွဲဆိုသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
“ကျနော် စဉ်းစားလို့ မရဘူး။ ဘာအကြောင်းကြောင့်နဲ့ ကျနော့်ကို တရားစွဲမှာလဲ။ ရုပ်ရှင် မကြည့်ဘဲ ကျနော်မှားတယ် ပြောပြီးတော့ တရားစွဲဖို့ကျတော့ မဖြစ်နိုင်ဘူးလေ။ ရုပ်ရှင်မကြည့်ဘဲ ဒီကားက စော်ကားထားပါတယ် ဆိုပြီး ပြောတာတော့ တော်တော်လေးကို လွဲနေတယ်” လို့ ဒါရိုက်တာက ဆိုပါတယ်။
ဆက်လက်ပြီး “အခု ကျနော့်ကို ဆန္ဒပြနေတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်က မေတ္တာရပ်ခံချင်တာ သူ့ရဲ့ဆန္ဒကို ပိတ်တာတော့ မဟုတ်ဘူး။ ကျနော် ရိုက်ထားတဲ့ ရုပ်ရှင်လေးကို ကြည့်လိုက်ပါဦး။ ကြည့်ပြီးတော့မှ ဆက်လုပ်စေချင်တယ်။ ရုပ်ရှင်မကြည့်ဘဲနဲ့ ကြော်ငြာလေး တကွက်လောက် ကြည့်ရုံနဲ့ မရဘူးလေ။ ကျနော် ပြောချင်တဲ့ Message က ဘာပြောချင်လဲဆိုတာ ဇာတ်ကားထဲမှာ ပါပါတယ်” လို့ ညွှန့်မြန်မာညီညီအောင်က ပြောပါတယ်။
ပုဂံဒေသမှာ ရိုက်ကူးထားတဲ့ “ကျွန်” ရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၂၆ ရက်နေ့က စတင်ကာ ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံ၊ သွင်၊ မင်္ဂလာရုပ်ရှင်ရုံများနဲ့ မြန်မာတနိုင်လုံးမှာ ပြသခဲ့ပြီး ယနေ့ထိ ရုပ်ရှင်ရုံများမှာ ဆက်လက် ပြသလျက်ရှိကြောင်း သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
ဘုရားကျွန်ဆိုတာ မြင့်မြတ်တယ် ဆိုတဲ့ “ကျွန်” ရုပ်ရှင်ဇာတ်ကား
တကယ့် မြန်မာကားအစစ်ပါ ဆိုတဲ့ “ကျွန်” ဇာတ်ကား ရေးသားသူနှင့် တွေ့ဆုံခြင်း