မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ တယ်လီနောမှ တယ်လီနော ဖုန်းနံပါတ် အချင်းချင်း ခေါ်ဆိုမှုအတွက် တမိနစ်လျှင် ၅ ကျပ်သာ ကျသင့်မယ့် “ကွက်တိ” လို့ အမည်ရတဲ့ ဝန်ဆောင်မှု အစီအစဉ်တခုကို ဇွန်လ ၅ ရက် နေ့က မိတ်ဆက်ခဲ့ပါတယ်။
အဆိုပါ “ကွက်တိ” အစီအစဉ်ကို စတင်မိတ်ဆက်လိုက်တဲ့ ဇွန်လ ၅ ရက်နေ့မှ စတင်ပြီး ရက်ပေါင်း ၉၀ အတွင်း တယ်လီနောအချင်းချင်း အသက်သာဆုံး နှုန်းထားခေါ်ဆိုမှုနဲ့ ခေါ်ဆို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
“ကွက်တိ” အစီအစဉ်ကို *979*1# ကို ခေါ်ဆိုပြီး (သို့မဟုတ်) MyTelenor Application မှတဆင့် ရယူနိုင်မှာဖြစ်ပြီး သုံးစွဲသူများအနေနဲ့ မိမိ အသုံးပြုလိုတဲ့ မိနစ်အရေအတွက်အလိုက် ကွက်တိစာရင်း ပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ မိနစ်အရေအတွက် အလိုက် ကျသင့်ငွေကို မူလ ဖုန်းလက်ကျန်ငွေမှ ဖြတ်တောက်သွားမှာ ဖြစ်ပြီး အစီအစဉ်အတွက် အခွန်ပေးဆောင်မှုပါ ပါဝင်ပြီး ကြိုတင်ငွေပေးချေမှုစနစ် (Prepaid) အသုံးပြုသူများသာ ရယူနိုင်တယ်လို့ သိရပါတယ်။ “ကွက်တိ” အစီအစဉ်ကို တကြိမ် စာရင်းပေးသွင်း လျှင် တရက်ကြာ အသုံးပြုနိုင်မှာဖြစ်ပြီး သုံးစွဲသူများအနေနဲ့ တရက်အတွင်း အဆိုပါ အစီအစဉ်ကို တကြိမ်ထက် ပိုပြီး အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါတယ်။
တယ်လီနောဟာ လက်ရှိ မြန်မာနိုင်ငံမှာ တာဝါတိုင်ပေါင်း ၇၅၀၀ ကျော်ရှိပြီး မြန်မာပြည်တဝှမ်း သုံးစွဲသူပေါင်း ၁၉ သန်းခန့်ကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတွေထဲမှာ MPT မှ တမိနစ် ၁၅ ကျပ် ကျသင့်တဲ့ “ရှယ်ပြော” အစီအစဉ်နဲ့ အူရီဒူးမှလည်း တမိနစ် ၁၅ ကျပ်သာ ကျသင့်တဲ့ “ရိုးရိုးလေး” အစီအစဉ်တို့ကို မိတ်ဆက်ထားပါတယ်။