မြန်မာတနိုင်ငံလုံး ပါဝင်ဆင်နွှဲနိုင်မယ့် “ငြိမ်းချမ်းရေးဂီတပွဲတော်” Peace Music Festival ဆိုတဲ့ ငြိမ်းချမ်းရေးဂီတသီချင်းဆိုပြိုင်ပွဲကြီးကို ဇူလိုင်လ ပထမပတ်မှစတင်ကာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ သီချင်းဆိုပြိုင်ပွဲရဲ့ winner အဖြစ် ရရှိမယ့်သူဟာ ဆုကြေးငွေ ကျပ်သိန်း ၃၀၀ ကို ရရှိပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးရှိတယ်လို့လည်း သိရပါတယ်။
“မြန်မာပြည် အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ရွက်ပုန်းသီး အဆိုဝါသနာရှင်များအတွက် ဆုကြေးငွေ ကျပ်သိန်း ၃၀၀ ရရှိမယ့် အခွင့်အရေး၊ နိုင်ငံကျော်အဆိုတော် ဖြစ်နိုင်မယ့် အခွင့်အရေး ကိုယ့်မှာရှိနေတဲ့ အရည်အချင်းတွေကို ပြသနိုင်မယ့် အခွင့်အရေး ဒီလိုအခွင့်အရေးတွေ လက်မလွတ်ရအောင် ငြိမ်းချမ်းရေးဂီတပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲလိုက်ကြပါစို့” လို့ ငြိမ်းချမ်းရေးသီချင်းဆိုပြိုင်ပွဲကြီးက ဖိတ်ခေါ်ထားပါတယ်။
မြန်မာနိုင်ငံရှိ မြို့ကြီးများဖြစ်သော တောင်ကြီး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ လားရှိုး၊ ပုသိမ်၊ ကလေး၊ ရန်ကုန်၊ စစ်တွေ၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများတွင် ပဏာမအသံစစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ပဏာမအသံစစ်ဆေးမှုများ ပြုလုပ်တဲ့အခါမှာလည်း မြို့တမြို့ကို ပြိုင်ပွဲဝင် ၃ ဦးမှ ၅ ဦးအထိ ရွေးချယ်သွားမှာဖြစ်ပြီး ဒုတိယအဆင့်တွင် တီးဝိုင်းနဲ့အတူ မိမိကြိုက်နှစ်သက်တဲ့တေးသီချင်းနဲ့ သီဆိုယှဉ်ပြိုင်ရမှာဖြစ်ကာ MRTV ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။
ပြိုင်ပွဲအတွက် ဆုကြေးများကို ပထမဆု ကျပ်သိန်း ၃၀၀၊ ဒုတိယဆု ကျပ်သိန်း ၂၀၀၊ တတိယဆု ကျပ်သိန်း ၁၀၀၊ နှစ်သိမ့်ဆု နဲ့ အထူးဆုကို ကျပ်သိန်း ၃၀ သတ်မှတ်ထားပါတယ်။
ပြိုင်ပွဲဝင်များမှာ မိမိကြိုက်နှစ်သက်ရာ တေးသီချင်းဖြစ်တဲ့ မြန်မာ၊ တိုင်းရင်းသား၊ နိုင်ငံတကာ သီချင်းတို့နဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အဆင့် ၃ ဆင့် ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် သီချင်း ၆ ပုဒ်ခန့် အနည်းဆုံး ပြင်ဆင်ထားသင့်တယ်လို့ ပြိုင်ပွဲဝင်မည့်သူများအတွက် အသိပေးထားပါတယ်။
ပြိုင်ပွဲဝင်လျှောက်လွှာများကို ဇွန်လ ၂ ရက်နေ့မှစတင်ပြီး ရုံးချိန်အတွင်း သက်ဆိုင်ရာမြို့များရှိ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးခွဲများတွင် အခမဲ့ ထုတ်ယူနိုင်ပါတယ်။
အဆိုပါ ငြိမ်းချမ်းရေးဂီတပွဲတော်နဲ့ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Peace Myanmar Festival ရဲ့ လူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။