Lifestyle

မန္တလေးမှာ လုပ်မယ့် ဂီတဗေဒ အခွေ ပရိုမိုးရှင်းပွဲကို ဖျက်သိမ်းလိုက်တဲ့ လွှမ်းပိုင်

မန္တလေးမြို့မှာ ပြုလုပ်မယ့် ဟစ်ဟော့ပ် အဆိုတော်လွှမ်းပိုင်ရဲ့ ဂီတဗေဒ Audio အခွေ ပရိုမိုးရှင်း လက်မှတ်ထိုးပွဲကို လုံခြုံရေးအခြေအနေကြောင့် ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

လွှမ်းပိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ “ဇွန် ၂၅ နေ့၊ မင်္ဂလာမန္တလေးမှာ ပြုလုပ်မည့် ကျနော့်ရဲ့ “ဂီတဗေဒ” Audio Promotion လက်မှတ်ထိုးပွဲကို လုံခြုံရေး အခြေနေကြောင့် မလုပ်ဖြစ်တော့ပါဘူးခင်ဗျာ” လို့ ရေးသားပြီး ပရိသတ်ကို အသိပေးလိုက်ပါတယ်။

လက်မှတ်ထိုးပွဲ ဖျက်သိမ်းလိုက်တဲ့အတွက် မန္တလေးပရိသတ်တွေ အားလုံးကိုလည်း လွမ်းပိုင်က တောင်းပန်ထားပြီး မန္တလေးပရိသတ်တွေနဲ့ သီးသန့်တွေဖို့အတွက် လာခဲ့မယ်လို့ သူက ပြောထားပါတယ်။

“ပရိတ်သတ်တွေနဲ့သီးသန့်တွေ့ဖို့လာခဲ့မယ်။ လက်မှတ်ထိုးပွဲက ရန်တွေအရမ်းဖြစ်တော့ လုံခြုံရေး မနိုင်မှာရယ် ပွဲလာသောလူကြီး၊ လူငယ်၊ ကလေး၊ မိန်းကလေးတွေအတွက် အန္တရာယ်များစွာရှိလို့ မလုပ်ဖြစ်တော့တာ တောင်းပန်ပါတယ်” ဆိုပြီးတော့ ရှင်းပြထားပါတယ်။

အဆိုတော် လွှမ်းပိုင်ရဲ့ “ဂီတဗေဒ” Audio အခွေက ဇွန် ၂၄ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပြီး အခွေထွက်တဲ့နေ့မှာ Junction Square မှာ အခွေပရိုမိုးရှင်းပွဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ ၁၀ ရက်နေ့က မန္တလေးမြို့ရှိ မင်္ဂလာမန္တလေး ဈေးဝယ်စင်တာမှာ ပြုလုပ်ခဲ့တဲ့ ဟစ်ဟော့ပ် အဆိုတော် Y Zet ရဲ့ အခွေပရိုမိုးရှင်းပွဲမှာ ပွဲကို လာရောက်ကြတဲ့ လူငယ်ပရိသတ်တချို့ ရန်ဖြစ်ခဲ့ရာမှ တဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်ဖတ်ရှုရန် မန္တလေးရှိ တေးစီးရီးမိတ်ဆက်ပွဲတွင် လူသတ်မှုကျူးလွန်ခဲ့သူ ၄ ဦးကို ဖမ်းဆီးထား

 

Loading