ရက်ဂေး (Reggae) အဆိုတော် စောဖိုးခွားရဲ့ ၆ ခွေမြောက်တကိုယ်တော် “ပလပ်ကျွတ်နေပြီ” Audio CD ဟာ ဇွန်လ ၁၇ ရက်နေ့တွင် ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။
ဒီ Audio CD နဲ့ ပတ်သက်ပြီး တေးသံရှင်စောဖိုးခွားက “ပလပ်ကျွတ်နေပြီ ဆိုတာက ဗန်းစကားတခုပါ။ လူတိုင်းလည်း သိပါတယ်။ ခေတ်တခုထဲမှာ ရှိနေတဲ့ စကားတခုပေါ့။ အဲဒါကို သုံးလိုက်တဲ့ပုံစံပါပဲ။ ဒီသီချင်းလေးကတော့ အချစ် အကြောင်းအရာလေးပါ။ လူတယောက်ရဲ့ခံစားချက်အကြောင်းအရာကို တည်ပြီးတော့ ဘေးကနေ ဝန်းရံထားတာတွေက ရန်ကုန်မြို့မီးပျက်တာပါမယ်။ လက်တွေ့ဆန်တဲ့အဖြစ်အပျက်လေးတွေကို ထည့်ထားတာပါ “ လို့ပြောပါတယ်။
“ပလပ်ကျွတ်နေပြီ” Audio CD အခွေထဲမှာတော့ သီချင်းစုစုပေါင်း ၇ ပုဒ်ပါဝင်ပြီး စောဖိုးခွားက ၅ ပုဒ်ရေးသားထား ကာ ကျန် ၂ ပုဒ်ကို တေးရေး သစ်လွင်အောင်(လွိုင်ကော်)၊ ဇစ်ဂီ၊ ဖိုးထက်တို့က ရေးသားပေးထားပါတယ်။
ဒီအခွေလေးကတော့ စောဖိုးခွားရဲ့ ဆိုနေကျပုံစံများအတိုင်း ရက်ဂေးသီချင်းပုံစံများဖြစ်ပြီး အချစ်သီချင်း ၅ ပုဒ်၊ လူ့အခွင့်အရေးနှင့်ပတ်သက်သော သီချင်းနှင့် ငြိမ်းချမ်းရေးအတွက် သီဆိုထားသောသီချင်းများလည်း ပါဝင်ပါတယ်။
ပရိသတ်များကို စောဖိုးခွားက “ဖိတ်ခေါ်တာထက် ကျနော်ကတော့ သီချင်းတွေကို ပစ်လွှတ်လိုက်ပြီး ချိတ်ထားပါတယ်။ မည်သူမဆို ကိုယ်နဲ့ကိုက်ညီမယ် အသုံးတည့်မယ်ဆိုရင် လာယူပြီးစားသုံးကြပါ လို့ ပြောချင်ပါတယ်။” လို့ သူက ပြောပါတယ်။