တေးရေးဆရာလည်းဖြစ် ဟစ်ဟော့ပ်အဆိုတော်တဦးလည်းဖြစ်တဲ့ ကြက်ဖက လတ်တလောတွင် ရုပ်ရှင်ဇာတ်ဝင် တေးသီချင်းများ ရေးသားဖြစ်နေတယ်လို့ ဧရာဝတီကိုပြောပါတယ်။
“လောလောဆယ် music နဲ့ ပတ်သက်လို့ကတော့ ရုပ်ရှင်ကားကြီးတွေထဲက ဇာတ်ဝင်တေးတွေ ရေးပေးဖြစ်တယ်။ ရုပ်ရှင်ဇာတ်ဝင်တေးကတော့ ကျနော်တို့ဆိုနေကျ စတိုင်မျိုးမဟုတ်ဘူးပေါ့။ တချို့ဟာတွေကျတော့ ကျနော့်မှာရှိတဲ့ သီချင်းနဲ့လိုက်တဲ့ သီချင်းတွေရှိသလို တချို့ဇာတ်လမ်းတွေအတွက်ကျတော့ အသစ်ကိုရေးရတာ။ အဲဒီလိုမျိုးကျတော့ သေချာပြင်ဆင်ပြီး သတိထားရတာပေါ့” လို့ ဆိုပါတယ်။
အဆိုတော်ကြက်ဖဟာ တခေတ်တခါက ဟစ်ဟော့ပ်လောကတွင် အောင်မြင်မှုများရရှိခဲ့တဲ့ တေးရေးတေးဆို အဆိုတော် တယောက်ဖြစ်ကာ လတ်တလောမှာ တေးသီချင်းရေးသားမှုများ ပြုလုပ်နေတဲ့အပြင် ရုပ်ရှင်ဇာတ်ကားများမှာလည်း သရုပ်ဆောင်တယောက်အဖြစ် ပါဝင်ရိုက်ကူးလျက်ရှိပါတယ်။
သူရဲ့တကိုယ်တော် တေးအယ်လ်ဘမ်ကိုတော့ ၂၀၁၈ ခုနှစ် ၆ လပိုင်းလောက်မှာ ထွက်ရှိမယ်လို့ သိရပါတယ်။
ဒါ့အပြင် “ဂျော်နီငပိနဲ့ တော်ကီချက်ကြီး”ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ဂျော်နီငပိအဖြစ် သရုပ်ဆောင်ထားတဲ့ အဆိုတော်ကြက်ဖက “ဇာတ်လမ်းတွဲရိုက်ရတာ ရုပ်ရှင်ကားရိုက်ရတာထက် တော်တော်ခက်သွားတယ်။ ရုပ်ရှင်ကားကြီး ၂ နာရီလောက်ပဲရှိပေမယ့် မှတ်ရတာလွယ်တယ်။ ဇာတ်လမ်းတွဲကျတော့ အပိုင်း၂၀ ရဲ့ တပိုင်းကို နာရီဝက်နဲ့တွက်မယ်ဆို ၁၀ နာရီစာလောက်ရှိမယ်။ အဲဒီ ၁၀ နာရီစာကို မှတ်လိုက်တဲ့အချိန်မှာ ဇာတ်လမ်း ဖြစ်ရပ်တွေကို မှတ်ရတာ လုံးဝ မမှတ်နိုင်တော့ဘူး” လို့ ပြောပါတယ်။
အဆိုတော် ကြက်ဖဟာ ဂီတလောကတွင် ဟစ်ဟော့ပ်ကိုကြိုက်နှစ်သက်တဲ့ လူငယ်တွေကြား အောင်မြင်ခဲ့တဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။