ကမ္ဘာကျော် Titanic ရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ဝင်တေးသီချင်းဖြစ်တဲ့ My Heart Will Go On တေးသီချင်းကို သီဆိုခဲ့ပြီး အဆိုပါ တေးသီချင်းနဲ့ ပိုမိုအောင်မြင်ကျော်ကြားလာခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် ကနေဒီယန်အဆိုတော် စီလင်းဒီယွန်(Celine Dion) ဟာ သူမရဲ့ပထမဆုံးဖက်ရှင်ပစ္စည်းတွေကို Nordstrom ဖက်ရှင် ကုမ္ပဏီနဲ့ပူပေါင်းပြီး ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ထုတ်လုပ်တော့မယ်လို့ ဇွန်လဆန်းပိုင်းလောက်က ပြောဆိုခဲ့ပါတယ်။
ဖက်ရှင်ပစ္စည်းတွေဖြစ်တဲ့ သားရေလက်ကိုင်အိတ်များ၊ ခရီးဆောင်အိတ်များအပြင် အလှအပရေးရာအသုံးအဆောင်ပစ္စည်း အသေးအမွှားကအစ လာမယ့် သြဂုတ်လမှာ ရောင်းချတော့မယ်လို့ Women’s Wear Daily မှာ အတည်ပြု ပြောဆို ထားပါတယ်။
သူမရဲ့ဖက်ရှင်ထုတ်ကုန်ပစ္စည်းတွေကို အရည်အသွေးကောင်းမွန်ပြီး လူတိုင်းဝယ်ယူနိုင်မယ့် ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရောင်းချမယ့်ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၈ ဒေါ်လာ မှ ၂၉၈ ဒေါ်လာအတွင်း၊ ကနေဒါဒေါ်လာ ၇၈ ဒေါ်လာမှ ၃၉၈ ဒေါ်လာ အတွင်းရောင်းချမှာ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ ဒါ့အပြင် လာမယ့် သြဂုတ်လမှာ အွန်လိုင်းကနေ လည်း မှာယူလို့ရပြီလို့လည်း သိရပါတယ်။
WWD နဲ့ အင်တာဗျူးမှာ စီလင်းက Nordstrom ကုမ္ပဏီနဲ့လက်တွဲခွင့်ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။
Ref: globalnews
သုန္ဒြီဆီလျော်အောင် ဘာသာပြန်ဆိုသည်။