ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးထားတဲ့ စာရေးဆရာမ ပုညခင်ရဲ့ ဝတ္ထု၊ “ဝိညာဉ်ကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။
“အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူး” ဆိုတဲ့အတိုင်း အချစ်နဲ့ ကြုံတွေ့လာတဲ့အခါ ကိုယ်ချစ်နေတဲ့ ကောင်လေး တယောက်က သူငယ်ချင်းရဲ့ ချစ်သူဖြစ်သွားတဲ့အခါ သူငယ်ချင်းရဲ့ချစ်သူကို အတင်းရယူဖို့ ကြိုးစားရင်း သူတပါးချစ်ခြင်းကို ခွဲဖို့အထိ ရူးရူးမိုက်မိုက်နဲ့ မိုက်ရူးရဲတဲ့ အလုပ်တွေ လုပ်မိတဲ့ ကောင်မလေးတယောက် အကြောင်းကို ဦးတည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
လူငယ်တွေကြားက အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ “ဝိညာဉ်ကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ “သစ်ခက်ညို” အဖြစ် အောင်ရဲလင်း၊ “ခေတ်သမီး” အဖြစ် သင်ဇာဝင့်ကျော်နဲ့ “ရွှေပျိုဖြူ” အဖြစ် ရွှေမှုန်ရတီတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။
ညီအစ်မ အရင်းတွေလို အရမ်းချစ်ကြတဲ့ ခေတ်သမီးနဲ့ ရွှေပျိုဖြူက ကျောင်းမှာ အမြဲမခွဲဘဲ အတူတူ တွဲကြတဲ့ သူငယ်ချင်းနှစ်ဦးပါ။ ကျောင်းမှာ ချစ်ခွင့်ပန်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ ခေတ်သမီးအနားကို ရွှေပျိုဖြူက အမြဲရှိနေတတ်လို့ ဘယ်သူကမှ မကပ်ရဲခဲ့ပါဘူး။
တနေ့မှာတော့ ခေတ်သမီးကို မြင်မြင်ချင်း စွဲလန်းသွားတဲ့ သစ်ခက်ညိုနဲ့ တက္ကသိုလ်လျှောက်လမ်း ထောင့်တနေရာမှာ သစ်ခက်ညိုကို အမှတ်မထင် ဝင်တိုက်မိရင်း တဖက်သတ်ချစ်မိသွားတဲ့ ရွှေပျိုဖြူတို့ ၃ ပွင့်ဆိုင် ဖြစ်လာမယ့် အချစ် ဇာတ်လမ်း တခု ဖြစ်လာခဲ့ပါတယ်။
သစ်ခက်ညိုနဲ့ ခေတ်သမီးတို့ ချစ်သူဖြစ်သွားမှာကို မလိုလားလို့ ရွှေပျိုဖြူက အမျိုးမျိုးတားဆီးခဲ့ပေမယ့် အကြောင်းတခုကြောင့် ကလောဘက်ကို ခရီးသွားနေစဉ်မှာ သစ်ခက်ညိုနဲ့ ခေတ်သမီးတို့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်။
ချစ်သူနှစ်ယောက် သွားတဲ့နေရာတိုင်း အမြဲတကောက်ကောက်လိုက်နေတတ်တဲ့ ရွှေပျိုဖြူက သူ့ရင်ထဲမှာ တိတ်တဆိတ် သစ်ခက်ညိုကို ချစ်နေခဲ့ပါတယ်။ ဒါတွေကို သစ်ခက်ညိုက သိသွားတဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ ရုပ်ရှင်ပိတ်ကားထက်မှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
လူငယ်ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် အောင်ရဲလင်း၊ သင်ဇာဝင့်ကျော်နဲ့ ရွှေမှုန်ရတီတို့ ၃ ဦးရဲ့ သရုပ်ဆောင် အားပြိုင်မှုတွေကို ဇာတ်လမ်းမှာ မြင်တွေ့ရမှာပါ။ ဇာတ်ကားကို ရန်ကုန်တက္ကသိုလ်နဲ့ ရှမ်းပြည်နယ်၊ ကလောမြို့တို့မှာ ရိုက်ကူးထားတာဖြစ်ပြီး နောက်ခံတေးဂီတကို အိန္ဒိယနိုင်ငံမှ ပညာရှင်များ တီးခတ်ထားတယ်လို့ သိရပါတယ်။
“ဝိညာဉ်ကကြိုး” ရုပ်ရှင်ဇာတ်ကားကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့သမ္မတရုပ်ရှင်ရုံ၊ သွင်၊ မင်္ဂလာရုပ်ရှင်ရုံများ၊ JCGV ရုပ်ရှင်ရုံများနဲ့ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပြင်ဦးလွင်၊ လားရှိုး၊ ဘားအံ၊ မော်လမြိုင်၊ ပုသိမ်၊ ဖျာပုံ၊ မြဝတီ၊ မြိတ် စတဲ့မြို့များမှာ တနိုင်ငံလုံး ရုံတင်ပြသလျက်ရှိတယ်လို့ သိရပါတယ်။