ဥရောပနိုင်ငံများသို့ သွားရောက်လည်ပတ်မယ့် Ride On Europe လို့အမည်ပေးထားတဲ့ အစီအစဉ်ကို သရုပ်ဆောင် ကျော်ကျော်ဗိုက မကြာခင်မှာ စတင် အကောင်အထည်ဖော်တော့မယ်လို့ သိရပါတယ်။
သူနဲ့အတူ မော်ဒယ်လ်သရုပ်ဆောင် မာရီကိုးလ်၊ ဒါရိုက်တာ သည်ခေတ်နေတို့လည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်ခရီးသွားမယ်။ကျနော်ရောက်တဲ့နေရာ ကျနော်ရောက်တဲ့ဒေသက သဘာဝပတ်ဝန်းကျင်တွေ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကျနော်မြင်သလိုကြားသလို ခံစားရသလိုမျိုး ပရိသတ်တွေကို ပြောပြပေးမှာပါ။ တခုရှိပါတယ် ကျနော်က ခရီးသွားတာကို ဝါသနာအရင်းခံတခုအနေနဲ့ ခရီးသွားမယ်။ ကျနော်ရဲ့တင်ဆက်မှုက တကယ့်ကို ခရီးသွားအစီအစဉ်တွေက တင်ဆက်သူတွေလို ပြည့်စုံနေမှာတော့မဟုတ်ဘူး။ ပြည့်စုံဖို့လည်း မကြိုးစားတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ပုံစံအတိုင်း ခရီးသွားတာကို ပရိသတ်တွေကို သိစေချင်လို့ပါ” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
Ride On Europe အစီအစဉ်ဟာ ကျော်ကျော်ဗိုရဲ့ ဒုတိယမြောက်ခရီးသွားအစီအစဉ်ဖြစ်ပြီး Ride in Myanmar ဆိုတဲ့ မြန်မာပြည်တွင်း ခရီးသွားတဲ့အစီအစဉ်ကိုလည်း တင်ဆက်ခဲ့ဖူးပါတယ်။
Ride On Europe ခရီးစဉ်ကတော့ ဥရောပအရှေ့ပိုင်းမှာရှိတဲ့ နိုင်ငံ ၆ နိုင်ငံကို သွားရောက်လေ့လာလည်ပတ်မှာဖြစ်ပြီး အဆိုပါ နိုင်ငံတွေကတော့ ဂျာမနီ၊ ချက်၊ ပိုလန်၊ ဟန်ဂေရီ၊ စလိုဗက်ကီးယား၊ သြစတြီးယား နိုင်ငံတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီ ခရီးစဉ်ကို သဘာဝကျကျဖြင့် တင်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီအစီအစဉ်လေးကို သဘာဝကျကျပုံဖော်ဖို့အတွက် လုပ်ဖြစ်ခဲ့တာပါ။ အဓိက ဒီ အစီအစဉ်လေးရဲ့ အကြောင်းအရင်း ကတော့ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကို ခရီးသွားရတာ မခက်ခဲဘူးဆိုတဲ့ အကြောင်းတွေ သဘာဝကျကျ ခရီးသွားတာတွေ ပိုက်ဆံရှိမှ ခရီးသွားတယ်ဆိုတာထက် ကိုယ်စိတ်ကူးရှိရင် ဘယ်ခရီးမဆို ရောက်အောင် သွားနိုင်တယ်ဆိုတာကို ရည်ရွယ်ပြီးတော့ ဒီ ခရီးစဉ်ကို ဖန်တီးထားခြင်းဖြစ်ပါတယ်” Passionate Traveller က တာဝန်ရှိသူ အလက်ဇန်းဒါးခရစ် က ပြောပါတယ်။
Ride On Europe ခရီးစဉ်ကို ဇွန်လ ၂၄ ရက်နေ့မှ စတင်ကာ ၁၅ ရက်ကြာ ခရီးသွားကြမှာဖြစ်ပြီး ဒီ အစီအစဉ်ကိုတော့ အောက်တိုဘာလအတွင်းမှာ Mntv နဲ့ Channel 9 တို့တွင် သောကြာနေ့ညတိုင်း ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။