လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုရဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အပေါ် ပန်းချီ၊ ပန်းပု၊ အင်စတော်လေးရှင်း၊ ဓာတ်ပုံ ပညာရှင်တွေရဲ့ ထင်ဟပ်တုံ့ပြန် ဖန်းတီးမှု ဘယ်လိုရှိသလဲ ဆိုတာကို ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် ၁၄ တော်ဝင်လမ်းရှိ အမေရိကန် စင်တာမှာ ဇွန်လ ၁၆ ရက်ကနေ ဇွန်လ ၂၉ ရက်နေ့အထိ ကျင်းပတဲ့ “Artists Beyond Boundaries” အနုပညာပြပွဲမှာ ကြည့်မြင်ခံစားနိုင်ပါတယ်။
ပြပွဲခန်းမထဲ အဝင်ဝမှာပဲ ပန်းချီဖေညွန့်ဝေရဲ့ လက်ရာ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားတွေကို ချိတ်ဆွဲထားပါတယ်။ ပြခန်းရဲ့ ထောင့်ကျကျ တနေရာမှာတော့ Artist ဇွန်စီရဲ့ ပန်းချီလက်ရာ ၂ ခုကို တွေ့ကြရမှာပါ။ စစ်ရဲ့ အငွေ့အသက်၊ စစ်ရဲ့ သင်္ကေတတွေ ပါဝင်နေတဲ့ အမျိုးသားလိင်အင်္ဂါ ပန်းချီကားနဲ့ အရိုးပြိုင်းပြိုင်း ကျနေတဲ့ သစ်အိုပင်ကြီးအပေါ်မှာ မြွေတွေ ရစ်ပတ်နေပုံကို ထည့်သွင်း သရုပ်ဖော်ထားတဲ့ ပန်းချီကားတွေပဲ ဖြစ်ပါတယ်။
ပထမ ပန်းချီကားက ပြည်တွင်းစစ် အတွင်းမှာ အမျိုးသမီးတွေ မုဒိန်းကျင့်ခံရတာကို ရည်ရွယ်တာလို့ Artist ဇွန်စီ က ဆိုပါတယ်။ ဒုတိယပန်းချီကားနဲ့ ပတ်သက်လို့ “ဒီသစ်ပင်ကြီးက မန္တလေး၊ ဦးပိန်တံတားက သစ်ပင်ကြီး။ တအား ခြောက်သွေ့ပြီး ဆက် မရှင်နိုင်ဘူး လို့ ကျမထင်ခဲ့တာ။ ဒါပေမယ့် ဦးပိန်တံတားကို သွားတိုင်း အဲဒီသစ်ပင်ကြီးက ရှိနေတုန်းပဲ။ ဒီသစ်ပင်ကြီးက ကျမတို့နိုင်ငံနဲ့တူတယ် ပေါ့နော်။ သစ်ပင်ကြီးပေါ်က မြွေတွေကတော့ သစ်ပင်ကြီးက ထွက်လာသမျှ အဖူးအညှောက်တွေကို ကိုက်စားတယ် ပေါ့။ ဘယ်တော့မှ ဆင်းမသွားဘူးပေါ့” လို့ ပြောပါတယ်။
“Artists Beyond Boundaries” အနုပညာပြပွဲဟာ အမေရိကန်စင်တာက ပံ့ပိုးပေးတာ ဖြစ်ပြီး မြန်မာပန်းချီ၊ ပန်းပု၊ အင်စတော်လေးရှင်း၊ ဓာတ်ပုံပညာရှင် ၂၅ ယောက်တို့က ပူးပေါင်းတင်ဆက်တဲ့ ပွဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့် ကလည်း အခက်အခဲတွေကြား ကနေ အမေရိကန်သံအမတ်ကြီး နေအိမ်မှာ ကျင်းပခဲ့ဖူးပါတယ်။ အခု ၁၀ နှစ် အကြာမှ ပြန်လည် ကျင်းပတာ ဖြစ်တဲ့ ဒီအနုပညာပြပွဲမှာ ယခင်က အစိုးရ ခွင့်မပြုလို့ မပြခဲ့ရတဲ့ အနုပညာလက်ရာတွေ၊ အစိုးရက ခွင့်မပြုမှာစိုးလို့ ပုံစံပြောင်းပြီး တင်ဆက်ခဲ့ရတဲ့ အနုပညာလက်ရာတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ပန်းချီထိန်လင်းရဲ့ “ကိစ္စပြီးလျှင် ရေလောင်းခဲ့ပါ” စာတန်းပါ ရုံးဝန်ထမ်း လာဘ်စားနေတဲ့ အင်စတော်လေးရှင်းကတော့ ပရိတ်သတ် အများစုရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
အပေါ်ပိုင်း တိုက်ပုံအကျႌနဲ့ အရာရှိပုံ ပေါက်တဲ့ ပုဂ္ဂိုလ်ရဲ့ ရှည်ထွက်နေတဲ့ လက်ကြီးက စားပွဲခုံအောက်က လာဘ်ငွေ တောင်းနေပုံကို ဟာသအဖြစ် တင်ဆက်ထားတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကိစ္စပြီးလို့ ရေလောင်းခိုင်းနေပုံ ဖြစ်ပါတယ်။
“သိတိုင်းအတိုင်းပဲ မြန်မာပြည်မှာ ရှိတဲ့ လာဘ်ပေး လာဘ်ယူ ကိစ္စဟာ တောက်လျှောက် အမြစ်တွယ်လာတာ၊ ရုံးတွေ သွားလို့ ရှိရင် ရေလောင်းပါ၊ ရေလောင်းပါ အမြဲပြောတယ်။ အိမ်သာမှာလည်း ဒီစာက ရှိတယ်။ အိမ်သာနဲ့ ရုံးပြင်ကနား ကိစ္စနဲ့ ချိတ်ပေးလိုက်တာပါ။ Under Table စားပွဲ အောက်ကနေ လက်ထွက်လာတာပေါ့” လို့ ဆိုပါတယ်။
ပန်းပုဆရာ ချမ်းအေးကတော့ ဗုဒ္ဓဘာသာရဲ့ အမှတ်အသားတွေ ဖြစ်တဲ့ ဗောဓိညောင်ရွက်၊ ကြေးခေါင်းလောင်းလေးတွေကို မျက်နှာကြက်မှာ ချိတ်ဆွဲထားတဲ့ အင်စတော်လေးရှင်း ပြကွက်ကို တင်ဆက်ထားပါတယ်။ ဒီပြကွက်မှာ ရွှေတိဂုံဘုရားက ဆည်းလည်းသံလေးတွေကို အသံသွင်းပြီးလည်း ဖွင့်ပြထားပါတယ်။
“ဘာသာဝင်တချို့ရဲ့ လုပ်ရပ်တွေကြောင့် အခု အခြေအနေမှာ ဗုဒ္ဓဘာသာအပေါ် အမြင် စောင်းနေတာနဲ့ ပတ်သက်ပြီး တင်ဆက်ဖြစ်တာပါ။ တကယ်တော့ ဗုဒ္ဓဘာသာဟာ မေတ္တာဝါဒ၊ အားလုံးကို ငြိမ်းချမ်းစေတာပါပဲ” လို့ ဆရာချမ်းအေးက ဆိုပါတယ်။
ပန်းပုဆရာ ဆန်နီငြိမ်းကလည်း သံချောင်းပေါင်း ၆၄၅ ချောင်းနဲ့ ဖန်တီးထားတဲ့ ပန်းပုရုပ်ကို တင်ဆက်ထားပါတယ်။ ဒီသံချောင်းတွေဟာ ဦးသိန်းစိန် အစိုးရခေတ် လွှတ်တော်အမတ်တွေကို ရည်ရွယ်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီသံချောင်းတွေမှာ အဓိက ကျတာက ဦးသိန်းစိန်အစိုးရ၊ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အထူးသံသုံးချောင်းပဲ ဖြစ်ပါတယ်။ “သူတို့ ၃ ခုကပဲ Play လုပ်သွားတာ။ Main Player သုံးယောက်ကပဲ၊ အခုဘယ်သူမှ ကျနော် လွှတ်တော် အမတ်ဟောင်း ပါဆိုပြီး ဘယ်သူမှ မတွေ့တော့ဘူး။ ၁ နှစ်ကျော်ကြာပြီ” လို့ ဆရာဆန်နီငြိမ်းက ဆိုပါတယ်။ ၂၀၁၆ ခုနှစ် အစိုးရ အပြောင်းအလဲ ကာလမှာ ဒီပန်းပုကို ဖန်တီးဖို့ စိတ်ကူးရခဲ့တယ်လို့ ဆရာဦးဆန်နီငြိမ်းက ဆိုပါတယ်။
ဒီ အနုပညာပြပွဲမှာ အောင်မြင့်၊ အောင်ကို၊ ကြည်ဝင်း၊ မအိ၊ မေကိုနိုင်၊ မိုးစက်၊ ဖြူမွန်၊ စံမင်း၊ ငြိမ်းချမ်းဆု၊ ငယ်လေး၊ သားကြီး၊ နန်းနန်း၊ မြတ်ထွန်းအောင်၊ ကိုဇက်၊ တင်ဝင်း (ဗိဿနိုး)၊ သည်မော်နိုင်၊ ညိုဝင်းမောင်၊ ရတနာဝင်း၊ စိုးယုနွယ် အပါအဝင် အနုပညာရှင် ၂၅ ယောက်တို့ရဲ့ လက်ရာတွေကိုလည်း ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီ အနုပညာပြပွဲကို ပံ့ပိုးတဲ့ အမေရိကန်သံရုံးက တာဝန်ရှိသူ တဦးက “အခုလိုမျိုး မတူကွဲပြားတဲ့ အနုပညာရှင်တွေ အားလုံးရဲ့ အနုပညာလက်ရာတွေကို စုဝေးပြီး ကျင်းပတဲ့ ဒီအနုပညာပြပွဲကို ပံ့ပိုးခွင့်ရတဲ့ အတွက် အမေရိကန်သံရုံး အနေနဲ့ အများကြီးဂုဏ်ယူမိပါတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး အနုပညာ လက်ရာတွေကို ကြည့်ခြင်းအားဖြင့် အနုပညာဟာ လူ့အသိုင်းအဝိုင်းတခုရဲ့ ရုန်းကန် ဖြတ်သန်း လာခဲ့ရမှုနဲ့ အောင်မြင်မှုတွေကို ဖော်ပြဖို့ အတွက် ဘယ်လောက် အစွမ်းထက်တဲ့ လက်နက် ဆိုတာ သိနိုင်တယ် လို့ ပြောပါတယ်။
“လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနှံ့မှာ နည်းမျိုးစုံနဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် ရဖို့ ကြိုးပမ်း နေတာတွေ အားလုံးကို ကျမတို့ အနေနဲ့ ဆက်လက်ပြီး အားပေး တိုက်တွန်းသွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ။