နာဂတိုင်းရင်းသူတဦးလည်းဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် မာရီကိုးလ်က နာဂဒေသရန်ပုံငွေဖျော်ဖြေပွဲ လုပ်ရာမှရရှိလာတဲ့ ရန်ပုံငွေဖြင့် နာဂဒေသတွင် စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းရန်အတွက် စီစဉ်ထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“လက်ရှိမှာက အဖေဆုံးတာက တလလောက်ပဲရှိသေးတယ်ဆိုတော့ အနုပညာနဲ့ပတ်သက်ပြီး ဘာမှ မလုပ်ဖြစ်သေးဘူး။ ဒီရက်ပိုင်း ဥရောပခရီးစဉ်သွားဖို့ကနေ စလုပ်တာပေါ့။ ဒီခရီးစဉ်က ပြန်လာရင်တော့ ၂ လပိုင်း လောက်တုန်းက လုပ်ထားတဲ့ နာဂရန်ပုံငွေပွဲဟာကို အခုထိသွားမလှူရသေးဘူး။ အဲဒီအတွက် သွားမလှူ ရသေးတာကိုလည်း အရမ်းအားနာတယ်။ ဒီကြားထဲမှာ မလုပ်ဖြစ်တာက အိမ်တွင်းရေးကိစ္စတွေနဲ့ ရှုပ်နေတော့ ဒီ ခရီးစဉ်ကပြန်လာရင် သေချာသွားလှူမယ်။ ဟိုက စာသင်ကျောင်းဆောင်တွေ ကျောင်းတွေအများကြီး လိုအပ်တဲ့အတွက် ကျောင်းသွားလှူမယ်။ ရတဲ့အလှူငွေနဲ့ ကိုယ်တိုင်သွားလှူဖြစ်မှာပါ” လို့ မာရီကိုးလ်က ပြောပါတယ်။
အဆိုပါ နာဂဒေသအတွက် ရန်ပုံငွေဖျော်ဖြေပွဲကိုတော့ ဇန်နဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ခဲ့တာပါ။
မာရီကိုးလ်ဟာ တဖက်မှ သူတို့ရဲ့ နာဂလူမျိုးတွေကို လူအများသိစေရန် ဖော်ထုတ်ဖို့ ကြိုးစားရင်း နာဂလူမျိုးများအတွက် အလှူများကို တတ်နိုင်တဲ့ဘက်မှ ပြုလုပ်ရန်အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။
“ကိုယ်သေသွားရင် ဒါပဲ ကျန်ခဲ့မှာဆိုတော့ ရှေ့လျှောက်လည်း ဒါမျိုးတွေလုပ်ဖို့ အစီအစဉ်တွေ အများကြီးရှိပါတယ်။ ဒီဟာကတော့ ညီမတို့ လူမျိုးအတွက်လုပ်လိုက်တာပေါ့။ နောက်ပိုင်းမှာလည်း ကိုယ်ရှာလို့ရတဲ့ အနုပညာပိုက်ဆံ ထဲကနေ လုပ်သွားဖို့ရှိပါတယ်။ ပရဟိတဆိုပြီးတော့ ခေါင်းစဉ်မတပ်ချင်ဘူး။ အရမ်းကိုတာဝန်ကြီးတယ်။ ဒီပွဲ လုပ်တာတောင် အရမ်းကို တာဝန်ကြီးတယ်။ ဒါကလည်း လုပ်သင့်လုပ်ထိုက်လို့ လုပ်လိုက်တဲ့ သဘောပါပဲ။ ကိုယ့်လူမျိုးအတွက်ကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လုပ်ပေးသွားမယ်” ဆိုပြီး သူ ယခုလုပ်ဖြစ်နေတဲ့ ကိစ္စများနဲ့ ပတ်သက်လို့ ပြောပြခဲ့ပါတယ်။
မာရီကိုးလ်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ Ride On Europe ဆိုတဲ့ ခရီးသွားအစီအစဉ်တွင် ပါဝင်ထားပြီး သီချင်း ၇ ပုဒ်ပါဝင်မယ် သူ့ရဲ့ တကိုယ်တော် မီနီအယ်ဘမ် ထွက်ရှိနိုင်ရန်အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။