၁၉၈၉ ခုနှစ်ကစလို့ တေးရေးဆရာဘဝနဲ့ မြန်မာ့ဂီတလောကထဲ ဝင်ရောက်လာခဲ့တဲ့ တေးရေးတေးဆို ဆောင်းဦးလှိုင်ဟာ လတ်တလောမှာ “ကမ္ဘာ့စံချိန်”ဆိုတဲ့ ကိုယ်ပိုင်သံစဉ် တေးစီးရီး Mini Album ကို ချိုကြည်သာ တေးသံသွင်းကနေ ဒီရက်ပိုင်းအတွင်း စတင်ဖြန့်ချိလိုက်ပြီလို့ သိရပါတယ်။ ၁၉၉၃ ခုနှစ်မှာ “မင်းရဲ့သူရဲကောင်း” ဆိုတဲ့ တကိုယ်တော်တေးစီးရီးနဲ့ အောင်မြင်တဲ့အဆိုတော် တယောက်အဖြစ် ပရိသတ်အားပေးလက်ခံခြင်းခံခဲ့ရတဲ့ တေးရေးတေးဆို ဆောင်းဦးလှိုင်ဟာ ဆေးပညာဘွဲ့ရတဦးလည်းဖြစ်ပါတယ်။ တေးသီချင်းများကို ကိုယ်တိုင် တီး ရေး ဆိုခဲ့ပြီး တကိုယ်တော်တေးစီးရီးပေါင်း ၁၂ ခွေလောက်ထွက်ရှိခဲ့ပြီးနောက် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းမှာ တကိုယ်တော် တေးစီးရီးထုတ်လုပ်မှုကို ရပ်နားထားခဲ့ပြီး ဆယ်နှစ်အကြာ အခု ၂၀၁၇ မှာ တကိုယ်တော်တေးစီးရီး ပြန်လည်ထွက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီကာလတွေကြားထဲ၂၀၁၀ ရွေးကောက်ပွဲမှာလည်း NLD အစိုးရကို ထောက်ခံအားပေးတဲ့ တေးသီချင်းများရေးသားခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ရေးသားခဲ့သော အဆိုတော် နီနီခင်ဇော် သီဆိုထားတဲ့ “မျှော်လင့်ချက်တစုံတရာ” အမည်ရှိ တေးသီးချင်းဟာလည်း အောင်မြင်ခဲ့တဲ့ တေးသီချင်းတပုဒ်ဖြစ်ခဲ့ပါတယ်။ အောင်မြင်သော တေးသီချင်းများကို ဖန်တီးရေးသားသီဆိုခဲ့ပြီး လတ်တလော ပြည်ပနိုင်ငံမှာ နေထိုင်နေတဲ့ အဆိုတော် ဆောင်ဦးလှိုင်ရဲ့ လက်တလော အခြေအနေ၊ ယခုထွက်ရှိလာတဲ့သူ့ရဲ့ တကိုယ်တော် မီနီအယ်ဘမ်အကြောင်းနဲ့အတူ သူပြောပြတဲ့ လက်ရှိ ဂီတလောကအပေါ်အမြင်တွေကို ဧရာဝတီမှ ကော်ပီအယ်ဒီတာ သဲသဲက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး – “ကမ္ဘာ့စံချိန်”ဆိုတဲ့ Mini Album လုပ်ဖြစ်ရတဲ့အကြောင်း အရင်ဆုံး ပြောပြပေးပါဦး။
ဖြေ- ဒီအခွေလေးကတော့ ကျနော်ရေးထားတဲ့ သီချင်းတွေပေါ့ဗျာ၊ ကျနော်ပြီးခဲ့တဲ့ နှစ်ပိုင်း သုံးလေးငါးလအတွင်းမှာ ရေးတာကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေကို အထောက်အကူပြုစေတဲ့သီချင်းတွေရေးတာများတာပေါ့နော်၊ အချစ်သီချင်းတွေ လူမှုရေးသီချင်းတွေရလာရင် ဖယ်ထားရတယ်ပေါ့။ ကျနော့်ရဲ့လှုပ်ရှားမှုလေးတွေနဲ့ အကျိုးအကြောင်းမဆီလျော်ရင် ဖယ်ထားရတယ်ပေါ့။ ဖယ်ထားတဲ့သီချင်းလေးတွေရှိတယ်၊ လေးငါးပုဒ်ရှိနေတဲ့အချိန်မှာ ရန်ကုန်မြို့မှာပဲ ဂီတတေးသီချင်းတွေနဲ့ပတ်သက်လို့ ထုတ်လုပ်သူလည်းလုပ်တယ်၊ ရုပ်မြင်သံကြားတွေမှာလည်း MTV ထုတ်လွှင့်တဲ့ ညီငယ်လေးတယောက်ရှိတယ်။ သူ့နာမည်က နဂါးလေးတဲ့၊ သူက ကျနော့်ကို လွန်ခဲ့တဲ့ ၆ လတုန်းက တကူးတက ဆက်သွယ်ပြီးတော့ ကျနော့်ရဲ့ Albums တခုထုတ်လုပ်ချင်တယ်ပေါ့။ ကျနော်ကတော့ အယ်လ်ဘမ်ကို မထုတ်ချင်သေးဘူး၊ ဂီတလောကမှာလည်း ပြန်လည်းမလုပ်ချင်သေးတော့ ကျနော်ကျောခိုင်းခဲ့တာပေါ့။ ဒါကြောင့် ကျနော် တလနှစ်လ အချိန်ယူ ပြီးတော့ စဉ်းစားခဲ့တာပေါ့၊ ကျနော့်ကို ထပ်မံတွန်းအားပေးတဲ့အတွက် ကျနော်လုပ်ဖြစ်သွားတယ်ပေါ့။ လုပ်ဖြစ်သွားတဲ့အခါ ကျတော့ ကျနော့်ရဲ့လိုအပ်တဲ့သီချင်းတွေကို ထပ်မံဖြည့်စွက်ပြီး ရေးသားတာတို့ ကျနော်ပဲ တီးတယ်၊ ဖမ်းတယ် ဟာမိုနီကအစ ကျနော်ဖန်တီးတယ်ပေါ့။ ဒီအခွေလေးကို စတင်ထုတ်လုပ်ဖို့အတွက် အဲဒီလိုနဲ့ စတင်ဖြစ်ခဲ့တာပေါ့။
မေး- အစ်ကို ဂီတလောကကို ပြန်မလုပ်ချင်သေးဘူးဆိုတော့ ဘာကြောင့် ပြန်မလုပ်ချင်တာလဲ။
ဖြေ – ကျနော်နှစ်ပေါင်းတော်တော်ကြာ ဂီတလောကမှာလှုပ်ရှားခဲ့ပါတယ်၊ ကျနော်ဆေးပညာဘွဲ့ရတာတောင် မလုပ်ဖြစ်ဘူးပေါ့၊ ဆေးပညာကတန်ဖိုးရှိပါတယ် ဆရာဝန်ဘွဲ့ပေါ့၊ ဒီတန်ဖိုးရှိတဲ့ပညာတောင်ကျောခိုင်းပြီးတော့ ဂီတကို ကျနော်ယုံကြည်တာတခုက မြန်မာပြည်မှာ ကျနော်တို့ ငယ်စဉ်အခါတုန်းတည်းက အရွယ်ရောက်တဲ့ထိတောင် copy music တွေကခေတ်စားတာပေါ့၊ အရမ်းလည်း ဈေးကွက်ကို လွှမ်းမိုးထားတာပေါ့၊ ကျနော်တို့ကတော့ ကိုယ်ပိုင်သံစဉ်ဆိုတော့ ကိုယ့်ဘာသာရပ်တည်လှုပ်ရှား ရှင်သန်တာပေါ့ဗျာ၊ အဲဒီတော့ အခက်အခဲအမြောက်အမြားတွေ့ခဲ့ပါတယ်။ဘာလို့လဲဆို ဈေးကွက်ထဲမှာက copy ဆိုတဲ့ လူတော်တော်များများရှိနေတော့ သူတို့ရဲ့အစုအဖွဲ့ကကြီးတယ်။ အဲဒီတော့ ကျနော်တို့လည်း နိုင်သလောက်တော့လုပ်တာပေါ့။ လုပ်လို့လည်း ဈေးကွက်ထဲမှာ ကျနော်တို့ သီချင်းလေးတွေ နာမည်ရတာလည်းရှိတယ်၊ တွင်ကျန်ရစ်ခဲ့တာလေးတွေလည်း ရှိတယ်ပေါ။့ သီချင်းတိုင်းတော့ဘယ်ကျန်ရစ်မလဲ။ ကျနော်တို့လည်း အဲဒီလောက် အစွမ်းအစမရှိပါဘူး။ တချို့သီချင်းတွေတော့ တွင်ကျန်ရစ်ပါတယ်။ ထုတ်လုပ်တဲ့အထဲမှာ အဲဒီလိုရပ်တည်ရတဲ့အခါမှာ ကျနော်တို့တွေက ပြောပြတာပေါ့။
ဒီနိုင်ငံရေးတွေမပြောင်းလဲသေးတဲ့အခါ အာဏာရှင်ခေတ်၊ စစ်အစိုးရခေတ်မှာ တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာဟာ အနုပညာနဲ့လည်း သက်ဆိုင်တယ်၊ အားကစားနဲ့လည်း သက်ဆိုင်တယ်၊ တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုရဲ့အသိတရားတွေ ဖန်တီးနိုင်မှုနဲ့ ပညာရေးတွေ စိတ်နေစိတ်ထားတွေက အရမ်းအရေးကြီးတယ်။ အထူးသဖြင့် အနုပညာနဲ့အားကစားပေါ့။ ဒါတိုင်းပြည်ရဲ့ ဂုဏ်ကို ဆွဲမြှင့်တင်တာပေါ့။ နောက်ပြီးတော့ ကျနော်တို့ ဂီတပညာရှင်တွေ အနေနဲ့ copy တွေကို ရပ်သင့်ပြီ၊ မလုပ်သင့်တော့ဘူးလို့၊ ဖန်တီးပါလို့ ကျနော်တိုက်တွန်းတာပေါ့၊ တိုက်တွန်းလို့မရဘူး၊ ဘာတွေဖြစ်လဲဆိုတော့ လက်မခံချင်တဲ့လူတွေနဲ့ ကျနော်တို့နဲ့ အနည်းအကျဉ်းတော့ စိတ်ကသိကအောက် ဖြစ်ရတာပေါ့ဗျာ၊ သူတို့ကလည်း သူတို့ဖန်တီးတဲ့အနေအထားတွေကို ကျနော်တို့က ကပျက်ကယက် လုပ်တဲ့သဘောပေါ့ဗျာ၊ ကိုယ့်အတွက် မဟုတ်ဘူး ကိုယ့်အတွက်မဟုတ်လို့လည်း ကျနော်တို့ ယနေ့ထိတိုင် ကျောခိုင်းခဲ့ပြီးလုပ်တောင်မလုပ်ချင်တော့ဘူး။ အဲဒီလောကထဲမှာ မနေချင်တော့ဘူး။
သီချင်းရေးရင်လည်း တိုင်းပြုပြည်ပြုနဲ့ နောက် လူမှုရေးသီချင်းတွေကိုပဲ ရေးတော့မယ်ဆိုပြီး ဆုံးဖြတ်ပြီးတော့ ကျောခိုင်းခဲ့သေးတာပဲ။ ကျနော်တို့တိုက်တွန်းပေမယ့် ဒါတွေက ဖြစ်မလာဘူး။ ဖြစ်မလာတဲ့အပြင် တချို့တွေဆိုရင် ကျနော်တို့ကို သီချင်းဂီတအပေါ်ထားတဲ့ခံယူချက်၊ နိုင်ငံရေးအပေါ်ထားတဲ့ခံယူချက်တွေကြောင့် ကျနော်တို့ အထီးကျန်တယ်ပေါ့။ အများစုနဲ့ သဟဇာတသိပ်မဖြစ်ဘူးဗျ။ ဘဝကလည်း ပိတ်မိနေတော့ မွန်းကြပ်တယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် အသိအမှတ်ပြု ထောက်ခံအားပေးမှုကလည်း မှန်တာပဲပြောပြော မှန်တာပဲလုပ်လုပ် သိပ်မရခဲ့ဘူး။ မျှော်လင့်ထားသလောက်မရတော့ အရမ်းကြိုးစားရတယ်ဗျ၊ စကားနှစ်ခွန်းလောက်ပြောပြီး လက်ခံကျေနပ်ရမယ့်အစား အခွန်းနှစ်ရာလောက်ပြောနေရတယ်။ တော်တော်လည်း ပင်ပန်းခဲ့တယ်။ အဲဒါကြောင့်မို့ ကျောခိုင်းဖို့ အကြိမ်ကြိမ် စဉ်းစားရတယ်။ မခံချင်စိတ်လေးက ဘာလဲဆိုတော့ ကျောခိုင်းသွားရင် ကိုယ်က အမှန်တွေပြောနေလုပ်နေရဲ့သားနဲ့ ကျောခိုင်းသွားရင် အရှုံးပေးသွားပြီ။ ဒီကောင်ကြီးရှုံးသွားပြီဆိုတာမျိုးကလည်း မဖြစ်ချင်ဘူးဗျ။ အဲဒါနဲ့ ကြိတ်မှတ်ပြီး အဲဒီလောကထဲမှာ နေလာလိုက်တာ နှစ်အစိတ်လောက်ဖြစ်သွားတယ်။ အခုတလောမှာ ခုနပြောတဲ့ ထုတ်လုပ်သူကလည်း နှိုးဆော်တယ်၊ ကိုယ့်ကိုတိုက်တွန်းတယ်၊ ပွင့်ပွင့်လင်းလင်းပြောပြရရင်တော့ အားလုံးလည်းသိတဲ့အတိုင်းပဲ ကျနော်ပြည်ပမှာနေထိုင်တယ်။ ဒါပေမယ့် ဘယ်ကုမ္ပဏီ၊ ဘယ်အဖွဲ့အစည်းကိုမှ အလုပ်အကျွေးမပြုဘူး၊ ကိုယ့်ဘာသာကိုယ် ရပ်တည်နေတာပေါ့။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်တာပေါ့၊ ကိုယ်အိမ်ငှားလို့ရတဲ့ ပိုက်ဆံလေးနဲ့ကျနော်က လူမှုရေး နိုင်ငံရေးတွေ ဝိုင်းကူနေတာ။
အခုတော့အားလုံးသိကြတဲ့အတိုင်းပဲ တိုင်းပြည်ရဲ့ စီးပွားရေးကလည်းကျတယ်။ ကမ္ဘာအရပ်ရပ်မှာလည်းကျဆင်းတယ်၊ ကျနော့်အဖေနဲ့ကျနော် အိမ်လေးငှားတာ မငှားရတော့ဘူး။ အိမ်မငှားရတော့ ဝင်ငွေကိုမရှိသလောက်ပဲ။ ကျနော့်မှာ သီချင်းလေးရေးပြီးတော့ စားတယ်၊ မျိုးဆက်သစ် ကွာဟချက်ရှိတော့ သီချင်းရေးပြီး ရပ်တည်ဖို့ကလည်း ခက်တယ်ပေါ့။ သီချင်းတွေက ဝယ်ပြီးဆိုနေသေးတဲ့သူတွေတော့ ရှိနေပါသေးတယ်။ သို့ပေမယ့် စီးပွားဖြစ်လောက်အောင်တော့ မဟုတ်ဘူးပေါ့၊ ဒီအခွေထုတ်တာက ဒီအခွေကရတဲ့ ဝင်ငွေလေးနဲ့ ကျနော့်အတွက် နှစ်လသုံးလလောက် ရပ်တည်လို့ရရင်လည်း အိုကေပဲဆိုပြီး ထုတ်ဖြစ်တာပါ။ စီးပွားရေးအရထုတ်တယ်၊ နောက် ကျနော် လူမှုရေးအထောက်အကူပြုလုပ်ငန်းတွေဆက်လုပ်နိုင်ဖို့၊ ကျနော့်သူငယ်ချင်း တချို့နေမကောင်းဖြစ်နေတယ်၊ ကျနော့် အဖေကိုယ်တိုင်လည်း နေမကောင်းဘူး၊ သူတို့ကိုလည်း အထောက်အပံ့ပေးနိုင်ဖို့ ဒီအခွေလေးကို ကျနော် ထုတ်တာပေါ့။
မေး- အဲဒါဆိုရင် အစ်ကို ဂီတလောကကို တော်တော်စိတ်ကုန်လို့ နားထားပြီးတော့ ဒါ ပထမဆုံး ပြန်ထုတ်တဲ့စီးရီးလို့ ပြောလို့ရတာပေါ့။
ဖြေ- အစ်ကိုအခွေမထွက်တာ ၁၀ နှစ်ရှိသွားပြီ၊ ၂၀၀၇ ခုနှစ်ရွှေဝါရောင်မဖြစ်ခင်လေးတင်မှ “အလှူတော်မင်္ဂလာ”ဆိုတဲ့ အခွေလေးကို နောက်ဆုံးထုတ်ခဲ့ပါတယ်။ ဒါက ကျနော့် တစ်ကိုယ်တော်အခွေပြောတာပေါ့၊ စုပေါင်းဆပ်ပေါင်း အခွေလေးတွေကတော့ ကြိုကြား ကြိုကြား ရှိတာပေါ့။ တချို့လည်း သိပ်အောင်မြင်မှုမရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဝါရောင်နောက်ပိုင်း နာဂစ်နောက်ပိုင်းမှာ ကျနော်က ဦးကျော်သူတို့အဖွဲ့ နားရေးကူညီမှုအသင်းနဲ့ပူးပေါင်းတယ်။ နောက် တချို့နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းလိုက်ပြီးတော့ ကျနော်က လူမှုရေး၊ နိုင်ငံရေးသမား တယောက်ဖြစ်လာတာပေါ့ဗျာ။ အဲဒီတော့ ကျနော်မလုပ်ဖြစ်တော့ဘူးဗျ။
မေး – အခု “ကမ္ဘာ့စံချိန်” တေးစီးရီးထဲမှာ သီချင်းအကြောင်းအရာတွေနဲ့ပတ်သက်လို့ ဘယ်လိုမျိုးတွေလဲ၊ အချစ်သီချင်းချည်း သက်သက်ပဲလား၊ ဘဝနဲ့သက်ဆိုင်တဲ့ သီချင်းမျိုးတွေ ရေးတက်တာမို့ အဲဒီလိုမျိုးတွေရော ပါသေးလား။
ဖြေ – အတိတ်ကာလဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေအများကြီး ကျနော်ထည့်ရေးထားပါတယ်။ အချစ်သီချင်း ရှုထောင့်က ဆိုပေမယ့်လည်း ဘဝနဲ့နွယ်တဲ့ ကျနော်တို့ကြုံတွေ့ရတဲ့ အာဏာရှင်စနစ်ရဲ့ အရိပ်အငွေ့တွေနဲ့ ဘယ်အရာကိုမဆို လွှမ်းမိုးတာပဲလေ။ အားကစား လောကကြည့်မလား၊ ပညာရေးလောကကြည့်မလား၊ လူတွေရဲ့ အိမ်ထောင်ရေးဘဝ ဖြစ်စဉ်ကိုပဲကြည့်မလား၊ ဒီစနစ်တခု တိုင်းပြည်ရဲ့ နိုင်ငံရေးကလာပြီးတော့ လွှမ်းမိုးတာပဲ အရိပ်ထိုးတယ်ဆိုတော့ သီချင်းတွေမှာလည်း ဒီအရိပ်တွေကလည်း ပါတာပေါ့။
မေး- “မျှော်လင့်ချက် တစုံတရာ”လို သီချင်းမျိုးရော ပါနိုင်ဦးမလား။
ဖြေ- မျှော်လင့်ချက်တစုံတရာလိုမျိုး ဆင်တူရိုးမှားတော့မပါဘူး။ ကျနော်ဒီသီချင်းထဲမှာ ထည့်ပြောချင်တာကတော့ folk စတိုရီလေးပေါ့။ solo ဂစ်တာတခုတည်းနဲ့ ဆိုပြထားတာက ပုံပြင်လေးတခုလို ကျနော်တို့ရဲ့ မှတ်တမ်းလေးတခုကို ပြန်ပြောပြနေသလို တကွက်ချင်းစီမှာ မှတ်တမ်းလေးတွေရှိနေတာပေါ့။ တူရိယာမျိုးစုံကို အများဆုံးသုံးထားတယ်။ တခြားမော်ဒန်တွေကို သိပ်မသုံးဘူး၊ နည်းတယ်။ ပိုပြီးတော့ တူရိယာအစစ်နဲ့ အသံကလည်း ပိုကောင်းသထက် ကောင်းအောင် ဆိုထားတာမျိုး ထပ်ခါတလဲလဲ မဆိုထားဘူး။ အနုပညာသမားတယောက်ရဲ့အရည်အချင်းက live မှာပဲ အဆုံးအဖြတ်ပေးသွားတာ။ အခန်းထဲမှာတော့ ကျနော်တို့က ကြိုက်သလိုပြင်ဆင်လို့ရတာပေါ့၊ Video ကိုလည်း ကြိုက်သလို Edition လုပ်လို့ရသလို၊ အသံကိုလည်း ကြိုက်သလို Edition လုပ်လို့ရတယ်။ ကျနော်က အဲဒီလိုမဆိုထားဘဲနဲ့ ကျနော် တချို့သီချင်းတွေ live တောင် ဆိုပြထားတာပါတယ်။
မေး- ၁၉၈၉ က စပြီးတော့ တေးရေးဆရာအဖြစ်ရပ်တည်လာပြီ၊ ၁၉၉၃ မှာ အစ်ကိုအဆိုတော် တယောက် ဖြစ်လာပြီပေါ့၊ ဖြတ်သန်းလာခဲ့ရတဲ့ အဲဒီကာလတွေကနေပြီးတော့ အခု လက်ရှိကာလ ဘယ်လိုကွားခြားသွားပြီလဲလို့ မြင်လဲ။ ကွာခြားချက်ကိုရော အစ်ကိုဘယ်လိုသုံးသပ်ချင်သလဲ။
ဖြေ- တော်တော်ကြီးကို ကွာခြားပါတယ်။ ဟိုးအရင်တုန်းက ဒိတ်ဒိတ်ကြဲအဆိုတော်ဆိုတာ ၁၀ ယောက်၊ ၁၅ ယောက်၊ အယောက် ၂၀ လောက်ပဲရှိတယ်ဗျာ၊ သီတင်းကျွတ်ဆိုရင်ပဲ စဉ်းစားကြည့် ရန်ကုန်မှာ ၅ ယောက်ဆိုတယ်၊ တောင်ကြီးမှာ ၅ ယောက်ဆိုတယ်။ ကျနော်တို့ သွားလာလှုပ်ရှား ရှင်သန်ရပ်တည်ရတာ တော်တော်လေးကို အဆင်ပြေတယ်ပေါ့လေ။ ဘဝက၊ အေးချမ်းတယ်ပေါ့။ ဒီဘက်ခေတ်က ကျနော်သိလောက်ကတော့ အဆိုတော်တွေက မနည်းတော့ဘူးဗျ၊ အများကြီးပဲ၊ အရင်ခေတ်နဲ့မတူတာတခုက တကယ့်ပညာရှင်တွေက ခက်ခဲစွာရပ်တည်နေရတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် အလုပ်မရှိဘူး၊ ဆိုစရာလာမငှားဘူး၊ ခွေမအပ်ဘူး၊ ကျနော်တို့က ပညာရှင်လို့ တလေးတစားသတ်မှတ်ထားတဲ့ လူတချို့ ဒုက္ခရောက်နေတာကိုတော့ ခေတ်ကာလလို့သာ သတ်မှတ်ပြီးတော့ စိတ်ဖြေရတာပေါ့၊ ကျနော်တို့ ငယ်စဉ်တုန်းက ပညာရှင်တိုင်း မကျော်ကြားပါဘူး၊ ဒီနေ့ ဒီချိန်ခါလောက်တော့ ဒုက္ခမရောက်ပါဘူး၊ ဒါတွေအားလုံးကတော့ ပြောပြန်ရင် နိုင်ငံရေးတွေပါလာတာပေါ့၊ ပညာရှင်တွေဟာ ဒီဒေသမှာ စိတ်သုန်းသွားတာပေါ့ တချို့ကလည်း နိုင်ငံခြားကို ထွက်သွားကြတာ။ ဒါကြောင့်လည်း ဒီနေ့ ပြန်လည်ထူထောင်ရတာခက်တာပေါ့၊ ပညာရှင်ကြီးတွေ အသက်နည်းနည်းပါးပါးကြီးလာပြီဆိုရင် အားပေးခံနည်းလာတယ်။ အဆိုတော်တွေက အသက်တွေငယ်လာကြတယ်။ သို့သော် ကမ္ဘာနဲ့ကွားခြားတာကတော့ အသက် ၁၆ နှစ်အဆိုရှင်လေးကို နောက်ကွယ်က တီးပေးတဲ့ ထောက်ပံ့ပေးတဲ့ သူတွေက တကယ့်ကိုရင့်ကျက်တဲ့ musician တွေက လုပ်ပေးတာပေါ့။ ကျနော်တို့နိုင်ငံမှာတော့ Music producer တွေရဲ့အခန်းကဏ္ဍပေါ့ သူတို့ဆီသွားပြီးတော့ သူ့ဆီက သီချင်းဆိုတဲ့နည်း အသံဖမ်းတဲ့နည်း တီးခတ်တဲ့နည်းတွေကို ဆရာကြီးဆီမှာ ဆည်းကပ်ပြီးတော့ ပညာတွေသောက်သုံးမယ်ဆိုတဲ့ နည်းက ကမ္ဘာမှာရှိသေးတယ်။ အဲ့ဒီဈေးကွက်က မြန်မာမှာ မရှိသလောက်ဖြစ်သွားတော့ ပညာရှင်တွေ နစ်နာတာပေါ့။
မေး- အစ်ကို ဒီ စီးရီးထွက်တဲ့အခါ မြန်မာပြည်ပြန်လာဖို့ရောရှိလား။
ဖြေ- ကျနော်လောလောဆယ်တော့မပြန်သေးဘူးခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအခွေလေးကို ကျနော်စီးပွားရေးအခြေအနေအရရော လတ်တလောအခြေအနေအရရော၊ ကျနော်ရဲ့ အနုပညာဖန်တီးထားပြီးတော့လည်း လူထုကို တင်ဆက်ချင်တာ။ ဟိုးတလောထဲက ကမ်းလှမ်းပါတယ်။အထူးသဖြင့်တော့ ၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီး နောက်ပိုင်းမှာ မေမေနိုင်မှဖြစ်မယ်တို့ မျှော်လင့်ချက်တစုံတရာတို့ မျက်နှာနဲ့ ကျနော်တိုင်းပြည်ထဲကိုပြန်လာပြီး သီချင်းတွေဆိုဖို့ ကမ်းလှမ်းတာမျိုး တော်တော် များများလက်ခံရရှိပါတယ်။ သို့သော်လည်း ကျနော်မဆိုချင်ပါဘူး၊ ကျနော်လုပ်ခဲ့တာလေးလောက်နဲ့ ပြန်ပြီးတော့ မလုပ်စားချင်ပါဘူး။ အဲဒီပွဲတွေမှာသွားဆိုရင် ကျနော်ထင်ပါတယ် သုံးလေးပွဲလောက်ဆို သိန်းတွေ ရာနဲ့ချီရလောက်ပါတယ်။ ဆိုတော့ ကျနော်မယူရက်ဘူးဗျ။ ပြန်လှူဆိုတော့လည်း ကျနော်လှူကိုမလှူနိုင်ဘူးဗျ။ ဘာလို့လဲဆို သွားစရိတ်လာစရိတ်တွေ ရှိတယ်လေ။ မစိုက်နိုင်ဘူး ဒီပိုက်ဆံတွေလည်း မလိုချင်တဲ့အခါကျတော့ မဆိုဖြစ်ခဲ့ဘူး။
မေး- လက်ရှိ မြန်မာပြည်ရဲ့ ဂီတလောက ရေစီးအပေါ်ကို အစ်ကို့အနေနဲ့ ဘယ်လိုအကြံဉာဏ်မျိုးပေးချင်သလဲ။
ဖြေ- ဒါကြောင့်လည်း ကျနော်တို့က နိုင်ငံရေး လှုပ်ရှားသူတွေဖြစ်လာတာပေါ့။ ဘာကြောင့် အဲဒီလိုဖြစ်လဲဆိုတော့ အားလုံးပေါင်းချုပ်ပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးကောင်းတော့မှ ဟောင်းလာတဲ့ အဆိုတော်ကို နားထောင်ချင်ရင် ငှားပြီးတော့ နားထောင်မယ်၊ တချို့ကတော့ Up to Date လေးပဲ Myanmar Idol winner လေးတွေပဲ နားထောင်ချင်တယ်ဆိုရင် အဲ့ဒီ winner လေးတွေပဲ ငှားမှာပေါ့၊ ဂီတနဲ့ပတ်သက်ပြီးတော့ ငှားနိုင်စွမ်း၊ ထုတ်လုပ်ပေးနိုင်စွမ်း ပေါ့ နောက်ဆုံးပေါ်လေးတွေလဲ ထုတ်ကြ၊ နောက် ပညာရှင်ဟောင်းကြီးတွေ နားထောင်ချင်တဲ့သူတွေရော အခွေထုတ်မယ် ဂီတလုပ်မယ်ဆိုရင် အဲဒီလိုမျိုးဈေးကွက်က တိုင်းပြည်ချမ်းသာမှ ထုတ်လုပ်နိုင်မှာလေ။အခုက အဲဒီလိုမဟုတ်ဘူး။ အဲဒီ သုံးလေး ယောက် နောက်ကိုပဲ ဈေးကွက်က လိုက်နိုင်တယ်၊လိုက်နိုင်စွမ်းရှိတယ်။ နောက်တခုက ငွေကြေးကို ကိုင်ထားပြီး ဒီဈေးကွက်ကို ကစားနိုင်တဲ့ ချမ်းသာတဲ့သူတွေအများကြီးလည်းရှိတယ်။ သူတို့က ဂီတကို ထောက်ပံ့မယ်ဆိုရင် နာမည်ကြီးတဲ့ လူတယောက်နှစ်ယောက်ကို ထောက်ပံ့လိုက်တာ၊ စပွန်ဆာပေါ့၊ ကျနော့်အခွေလေး ထဲမှာဆိုရင် ကျနော့်ရဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတယောက်က ငွေလေးနည်းနည်းပေးတယ် ကျနော်ရဲ့ ထုတ်လုပ်သူနဲ့ ချိတ်ဆက်မိသွားလို့ ကျနော်ကမတောင်းဘူး။ ဘာလို့မတောင်းလဲဆိုတော့ တိုင်းပြည်ရဲ့စီးပွားရေးက ငွေကြေးရှိတဲ့ပုဂ္ဂိုလ်က အမျှော်အမြင်ရှိရှိ အသုံးမပြုတဲ့အခါကျတော့ ပညာရှင်တွေသေဖို့ဖြစ်လာပြီးတော့ ခုန လတ်တလောနာမည်ရှိလာတဲ့ ဒိတ်ဒိတ်ကြဲတွေသာ မတရားချမ်းသာလာတယ်။ အဲဒါတွေက ခုနပြောတဲ့ စပွန်ဆာရဲ့ အထောက်အပံ့ကိုမှီတွယ်နေရတဲ့ တိုင်းပြည်ရဲ့ဈေးကွက် လက်ရှိစီးပွားရေးအခြေအနေ၊ လူတွေရဲ့ အသိတရား ဖွံ့ဖြိုးမှု စာနာထောက်ထားနားလည်နိုင်မှု အားလုံးအပေါ် မူတည် နေတာပေါ့။
ဒီ ပံ့ပိုးပေးမှုဟာ မမျှတတဲ့အနေအထားတွေဖြစ်လာတဲ့အခါကျတော့ နောက်တခုက ပညာရှင်ဆိုတဲ့ စိတ်ဓာတ်ကလည်း လိုက်မတောင်းဘူးဗျ။ မပေးရင် လိုက်မတောင်းချင်တော့ဘူးဗျ။ ငါ့ဘာသာ ရပ်တည်မယ်၊ ငါ့ ပညာအစွမ်းနဲ့ ငါ့ကိုယ်ငါ အားကိုးမယ်ဆိုပြီး ပိုပြီးတော့ တယောက်နဲ့တယောက် ဝေးလာတယ်၊ အထောက်အပံ့ အများဆုံးရခဲ့တဲ့ အဆိုတော်တွေဟာ သူတို့ဟာ ဈေးကွက်မှာ တော်တော်ကိုလုပ်နိုင်ပါတယ်။ ဆိုတော့ ဈေးကွက်ကို နားလည်ဖို့လိုတယ်။ တချို့ကျနော့် ညီအစ်ကိုတချို့ဆို အရမ်းကိုအောင်မြင်တယ်။ ဈေးကွက်ကိုနားလည်တယ်၊ အရိုးသားဆုံးစကားတခုကိုပြောပါဆို လုပ်စားတတ်တယ်ပေါ့။ လုပ်စားတတ်တယ်ဆိုတာ သူတို့ကို ကဲ့ရဲ့တာမဟုတ်ဘူး လုပ်စားတတ်ဖို့လည်း လိုတယ်လို့ပြောချင်တာ။ ပညာရှင်ကြီးတွေ တချို့ကျတော့လည်း မလုပ်စားတတ်ဘူး။ ကျနော်ကြုံဖူးတယ် စကားပြောတာကအစ မဖြောင့်ဘူး၊ သူတို့ကိုယ်သူတို့လည်း သိပ်ယုံကြည်ကိုးစားတယ်။ အဲဒီအခါကျတော့ ခုနပြောတဲ့ သူဌေးလူတန်းစားတွေရဲ့ စပွန်ဆာပေးနိုင်တဲ့မေတ္တာကို မရနိုင်တော့ဘူး။