Sexy ဓာတ်ပုံတွေနဲ့ လူသိများလာခဲ့တဲ့ သရုပ်ဆောင်ဘေဘီမောင်နဲ့သူငယ်ချင်းဖြစ်သူတို့ဟာ Baby & Barani လို့ အမည်ပေးထားတဲ့ Beauty & Fashion House ဆိုင်ကို ဇွန်လ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
“ဒီလို ဆိုင်လေးကို ဘေဘီမောင်တို့ သူငယ်ချင်း ၂ ယောက်က ငယ်ငယ်လေးကတည်းက ဖွင့်ချင်တယ်ဆိုပြီး အိမ်မက်မက်ခဲ့ကြတာ။ အဲဒီလိုမျိုးနဲ့ ၂ ယောက်လုံးက လုပ်ဖို့အတွက် ဆန္ဒရှိကြတော့ ပိုက်ဆံစုကြတယ်။ အခု အသက်အရွယ်ရလာတဲ့အခါကျတော့ လုပ်ဖြစ်ခဲ့ကြတာပါ”လို့ ဧရာဝတီကို ပြောပါတယ်။
ဒီဆိုင်လေးကိုတော့ ရက် ၂၀ နဲ့အပြီး ဖွင့်နိုင်အောင်ကြိုးစားခဲ့ကြပြီး ရန်ကုန်မြို့ တာမွေမြို့နယ် သီတာလမ်းတွင် ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ဆက်လက်ပြီး ဘေဘီမောင်က “အဓိကရည်ရွယ်ချက်ကတော့ မိန်းကလေးတိုင်းက လှနေဖို့လိုတယ်လေ။ လူဆိုတာအပုတ်ကောင် အရုပ်ဆောင်နေတယ်ဆိုပေမယ့် သက်ရှိအချိန်မှာ လှနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး လုပ်ငန်းခွင်မှာ ပိုအဆင်ပြေတယ်။ ညီမကိုယ်တိုင်လည်း သရုပ်ဆောင်တယောက်ဆိုတော့ ညီမအတွက်လည်းအဆင်ပြေ မိတ်ဆွေသူငယ်ချင်း ပရိသတ်တွေလည်း အဆင်ပြေမယ့် အလုပ်ကိုရွေးချယ်ခဲ့တာပါ”လို့ ဆိုပါတယ်။
Baby & Barani လို့အမည်ပေးထားတဲ့ Beauty & Fashion House ဆိုင်တွင် အဝတ်အစား၊ ဖန်စီ စတဲ့ ဖက်ရှင်ပစ္စည်းမျိုးစုံ ဝယ်ယူရရှိနိုင်တဲ့အပြင် အလှအပရေးရာပြုပြင်နိုင်တဲ့ Beauty Saloon ပါ ပါဝင်တယ်လို့သိရပါတယ်။