Lifestyle

တိုင်းကျိုးပြည်ပြုနဲ့ ပရဟိတတွေ လုပ်ချင်တယ်ဆိုတဲ့ မောင်သုတရဲမိုး

Want create site? Find Free WordPress Themes and plugins.

အသက် ၁၆ နှစ်အရွယ် မောင်သုတရဲမိုးဟာ ၂၀၁၆-၁၇ ခုနှစ်ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မြန်မာတနိုင်ငံလုံးတွင် အမှတ်အများဆုံးနဲ့ ပထမ ရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ စစ်တုရင်ထိုးတာကို ဝါသနာပါသူတဦးလည်း ဖြစ်ပြီး အ.ထ.က ၂ ရန်ကင်းမှ ဖြေဆိုအောင်မြင်ခဲ့တဲ့ မောင်သုတရဲမိုးရဲ့ ပညာရေးအပေါ် သူဘယ်လောက်အထိ စိတ်ဝင်စား ကြိုးစားအားထုတ်ခဲ့ရသလဲ၊ ရှေ့ဆက်ပညာရေးနဲ့ပတ်သက်လို့ သူဘာတွေ လုပ်သွားဖို့ရှိဦးမလဲဆိုတာကို ဧရာဝတီသတင်းထောက် ထက်ဦးဝေက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခု အောင်စာရင်းတွေ ထွက်ပြီးသွားတဲ့အချိန်မှာ ကိုယ်က တနိုင်ငံလုံးမှာ ပထမရတယ်ဆိုတော့ ဘယ်လို ခံစားရလဲ။

ဖြေ။ ။အရမ်းပျော်ပါတယ်။ အောင်စာရင်းမထွက်ခင် ညက သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားတာ၊ သွားကြည့်ကြမယ်ဆိုပြီး။ ၁၆ ရက်နေ့ညမှာ အားလုံး စုပြီး အ.ထ.က ၁ ကို သွားကြတယ်။ တနိုင်ငံလုံးအောင်စာရင်း အဲဒီမှာကပ်တယ်။ ၁၂ နာရီလောက်မှာ ကျောင်းတံခါးဖွင့်တော့ ဝင်ကြည့်တယ်။ တေ်ာတော်လေးလည်း တိုးရတယ်။ ၁၂ ခွဲလောက်မှာ ကြည့်လိုရပြီး ၆ ဘာသာ ဂုဏ်ထူးပါတာ သိရတယ်။ အိမ်ပြန်လာပြီးတော့လည်း တညလုံး ကောင်းကောင်းအိပ်မပျော်ဘူး။ all D ဆိုတော့။ နောက်နေ့မနက်မှ အဖေနဲ့ အွန်လိုင်းပေါ်မှာ ကြည့်ရင်းနဲ့မှ တနိုင်ငံလုံး Top Ten စာရင်းတွေ တွေ့တာပေါ့။ အဖေက ကိုယ့်နာမည်အရင်ရှာမယ်ဆိုပြီး ဝင်ကြည့်တော့ ထိပ်ဆုံးမှာတွေ့ရော၊ အမေဆို ငိုတောင်ငိုတယ်။

မေး။ ။တနိုင်ငံလုံးမှာ ပထမ ဖြစ်ရမယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ ကြိုးစားခဲ့တာလား၊ ဒါမှမဟုတ် ကြိုးစားရင်းနဲ့မှ ဖြစ်သွားတာလား။

ဖြေ။ ။စာသင်နှစ် အစကတည်းကတော့ မြန်မာတနိုင်ငံလုံး top ten ဝင်ရမယ်ဆိုပြီး ကြိုးစားခဲ့ပါတယ်။ ဖြေပြီးသွားတဲ့ အချိန်မှာလည်း အရမ်း အားရခဲ့တယ်။

မေး။ ။ဒီလို ရလဒ်တွေ ဖြစ်လာဖို့ ဘယ်လောက် ကြိုးစားအားထုတ်ခဲ့ရလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ။ ။ငယ်ငယ်ကတည်းက မြန်မာစာ၊ အင်္ဂလိပ်စာမှာ စာစီစာကုံး၊ letters, essays တွေ သေချာလေး လုပ်ဖြစ်တယ်။ ၉တန်း၊ ၁၀တန်းရောက်မှ အဲဒါတွေကို လုပ်နေလို့ မဖြစ်ဘူးလေ၊ ငယ်ငယ်ကတည်းက အမေကလည်း သေချာသင်ပေးပြီး စာစီစာကုံးပြိုင်ပွဲတွေ ဝင်ပြိုင်ခိုင်းတယ်။ ဆရာမတွေကလည်း သေချာ သင်ကြားပေးတယ်။ သင်္ချာမှာဆိုလည်း ၇ တန်း သင်္ချာက အရေးကြီးပါတယ်။ ၅တန်း၊ ၆တန်း၊ ၇တန်း၊ ၈တန်း သင်္ချာတွေကို သဘောတရားနားလည်အောင် သေချာလေ့ကျင့်ခဲ့ပါတယ်။ ၉တန်း ၁၀တန်း ရောက်လာတော့ သိပ္ပံကို ၃ ဘာသာခွဲလိုက်ပြီ။ Chemistry, Physics, Bio ပေါ့။ ၉ တန်းနှစ်ကတည်းက အဲဒိဘာသာတွေကို အခြေခံကောင်းအောင် သင်ကြားခဲ့ရပါတယ်။ ၁၀ တန်းနှစ်မှာတော့ ၆ ဘာသာလုံးကို နေ့တိုင်းကျက်တယ်။ တနေ့ကို ပျမ်းမျှစာကျက်ချိန် ၆ နာရီရအောင်ထားတယ်။ အိပ်ချိန်ကို ၆ နာရီကနေ ၈နာရီကြား ရှိအောင် အမြဲတမ်း ထားထားပါတယ်။ စာကျက်ချိန်မှာ စာကို စိတ်ပါဝင်စားစွာနဲ့ အာရုံစူးစိုက်မှု အပြည့်နဲ့ ကျက်မှတ်တယ်။ တဘာသာချင်းစီရဲ့ သဘောတရားနဲ့ လေ့ကျင့်ခန်းတွေကို ပိုင်နိုင်အောင် လေ့ကျင့်တယ်။ နောက်ပြီး မေးခွန်းဟောင်းတွေ လေ့ကျင့်ပါတယ်။

မေး။ ။ဒီလို စာတွေကျက်မှတ်တဲ့နေရာမှာ အခက်အခဲတွေရော ရှိခဲ့လား၊ ဘယ်လိုတွေ ဖြစ်ခဲ့လဲ။

ဖြေ။ ။ဟုတ်၊ အခက်အခဲတွေ ရှိပါတယ်။ တချို့စာတွေကို ဆရာမတွေက ရှင်းပြလိုက်တယ်၊ အဲဒီ ရှင်းပြနေတဲ့အချိန်မှာတော့ နားလည်ပြီးတော့ အပြင်ရောက်သွားတဲ့အခါမှာ နားမလည်တော့တာမျိုးတွေ၊ ခေါင်းရှုပ်သွားတာမျိုးတွေ ရှိတယ်၊ အဲလိုမျိုးတွေဆိုရင် ဆရာ၊ ဆရာမတွေကလည်း သေချာ စိတ်ရှည်ရှည်နဲ့ ပြန်ရှင်းပြပေးတယ်။

မေး။ ။ငယ်ငယ်တုန်းကတည်းကလည်း အမြဲတမ်း ကြိုးစားခဲ့တယ်။အခု ဆယ်တန်းရောက်တော့လည်း ထူးထူးချွန်ချွန်နဲ့ အောင်မြင်တယ်။ ဒီလိုတွေ ဖြစ်လာဖို့အတွက် မိဘတွေက တခုခု ဖိအားပေးခဲ့တာမျိုး ရှိလား။

ဖြေ။ ။မရှိပါဘူး။ ဘာဖိအားမှ မပေးဘူး၊ လွတ်လွတ်လပ်လပ်ပဲ ထားတယ်။ ကိုယ်ကိုယ်တိုင်ကိုက ဖြစ်အောင်ကြိုးစားမယ်။ မိဘကျေးဇူးဆပ်ချင်တာရယ်၊ ကျောင်းဂုဏ်အရမ်းဆောင်ချင်တယ်။ ဖြစ်အောင်လုပ်ရမယ်၊ ငါလုပ်နိုင်တယ်၊ ငါဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားခဲ့ပါတယ်။

မေး။ ။ဘယ်တက္ကသိုလ်ကို တက်ရောက်ဖို့ ရွေးချယ်ထားလဲ။

ဖြေ။ ။ဟုတ်ကဲ့၊ ကျနော် အင်ဂျင်နီယာ ဖြစ်ချင်ပါတယ်။ ရန်ကုန်နည်းပညာတက္ကသိုလ် တက်မယ်၊ အဲဒီကနေ ဘွဲ့တခုခု ယူပြီးတော့ ဘွဲ့လွန်ကို ပြည်ပတက္ကသိုလ်တခုခုမှာ ပညာသင်ဆုလျှောက်ပြီးတော့ သွားတက်ဖို့ ရည်ရွယ်ထားပါတယ်။

မေး။ ။အင်ဂျင်နီယာဖြစ်ဖို့ ငယ်ကတည်းက ရည်မှန်းထားခဲ့တာလား။

ဖြေ။ ။ငယ်ငယ်တုန်းကတော့ သူများတွေ ဆရာဝန်ဖြစ်ချင်သလို ကျနော်လည်း ဆရာဝန်ဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် ၆ တန်းလောက်မှာကတည်းက သင်္ချာ အရမ်းစိတ်ဝင်စားတယ်။ သင်္ချာနဲ့ ပတ်သက်တာတွေ အရမ်းစိတ်ဝင်စားတယ်။ ၉ တန်း၊ ၁၀တန်းမှာ physics ထပ်သင်ရပြီး စိတ်ဝင်စားတယ်။ အဲဒီလို စိတ်ဝင်စားရာကနေ အင်ဂျင်နီယာဖြစ်ဖို့ စိတ်ပါသွားတာပါ။

မေး။ ။စစ်တုရင်လည်း ကစားတယ်လို့ သိရတယ်နော်။ ဘယ်အရွယ်လောက်ကတည်းက ကစားခဲ့တာလဲ။

ဖြေ။ ။ဟုတ်၊ စစ်တုရင်က ၅ တန်းနှစ်လောက်ကတည်းက ကစားတာ။ ဆရာတွေနဲ့ သေချာသင်ထားတာတော့ မဟုတ်ဘူး။ အတန်းထဲက သူငယ်ချင်းတယောက်က သင်ပေးတာ။ အဲဒီသူငယ်ချင်းနဲ့ ဆော့ကြည့်တယ်။ လိုက်ပြီး ထိုးဖြစ်တယ်။ နောက် စစ်တုရင်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ဖြစ်တယ်။ အဲဒီလိုတွေ လေ့လာပြီးတော့ ၅ တန်း ၆ တန်းလောက်မှာ ပြိုင်ပွဲတွေပြိုင်တယ်၊ ဒါပေမယ့် ဆုမရဘူး။ ၇ တန်းမှာမှ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲရဲ့ စစ်တုရင်ပြိုင်ပွဲမှာ တိုင်းအဆင့် ဒုတိယဆု ရခဲ့တာပါ။

မေး။ ။ကိုယ်က စာတွေပဲ အလုပ်များတယ်ဆိုတော့ ကိုယ်ပိုင် အားလပ်ချိန်ရော ရှိလား၊ အားလပ်ချိန်တွေမှာရော ဘာတွေလုပ်လေ့ရှိလဲ။

ဖြေ။ ။အားလပ်ချိန်မှာဆိုရင်တော့ ငယ်ငယ်တုန်းကတော့ ကျောင်းကပြန်လာရင် တီဗွီကြည့်တယ်။ တီဗွီအစီအစဉ်တွေ စိတ်ဝင်စားတယ်။ စိတ်ဝင်စားတယ်ဆိုတာ ပြိုင်ပွဲတွေပေါ့။ ဥပမာ ဟင်းချက်ပြိုင်ပွဲတို့၊ သီချင်းဆိုပြိုင်ပွဲတု့ိကို ငယ်ငယ်ကတည်းက စိတ်ဝင်စားတယ်။ နောက်ပြီးတော့ စာအုပ်တွေ ဖတ်ဖြစ်တယ်။ ခပ်ငယ်ငယ်ကတော့ သူငယ်ချင်းတွေနဲ့ ကြက်တောင်ဆင်းရိုက်တယ်။ ၉ တန်း ၁၀ တန်းရောက်လာတော့ အားလပ်ချိန် နည်းနည်းလေး လျော့သွားတယ်။ တီဗွီဆိုလည်း ခဏလောက်ပဲ ကြည့်ဖြစ်တော့တယ်။ အိပ်ဖြစ်တာ ပိုများတယ်။ အိပ်ချိန်ကို များများထားတယ်။ နောက်ပြီး သီချင်း နားထောင်ဖြစ်ပါတယ်။ တခြား ဝါသနာအနေနဲ့ ငယ်ငယ်တုန်းက ကြက်တောင်ရိုက်တယ်။ ဘတ်စကက်ဘော ဆော့တယ်။ နောက်ပိုင်းတော့ မလုပ်ဖြစ်ဘူး။ အတန်းကြီးလာတော့ လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာလောက်ပဲ လုပ်ဖြစ်တော့တယ်။ အခုတော့ ရေကူးနေပါတယ်။ နောက် စာဖတ်ဖြစ်တယ်။ သုတ၊ ရသပိုင်းတွေ ကြိုက်တယ်။

မေး။ ။ လက်ရှိမှာ ကိုယ်ကလည်း မြန်မာတနိုင်ငံလုံးမှာ ပထမဆုရှင်ဖြစ်နေပြီ၊ အတော်ဆုံးလို့ ပြောလို့ရနေပြီပေါ့နော်။ ဒီတော့ ကိုယ့်တိုင်းပြည်အတွက်ရော ကိုယ်တတ်နိုင်မယ့်ဘက်က ဘာတွေ လုပ်ပေးသွားဖို့ရှိလဲဆိုတာလေးလည်း သိချင်ပါတယ်။

ဖြေ။ ။ ဟုတ်၊ ကိုယ့်အတွက်ကတော့ ခုနပြောခဲ့သလို ရန်ကုန်နည်းပညာတက္ကသိုလ်မှာ တက်မယ်ပေ့ါနော်။ ပြီးတော့ တိုင်းပြည်အတွက်လည်း တိုင်းပြုပြည်ပြုတွေ လုပ်ချင်ပါတယ်။ ပရဟိတတွေလည်း လုပ်ချင်တယ်။ ခုလက်ရှိမှာတော့ ဆရာဝန်အသင်းက လုပ်တဲ့ Development program သင်တန်းမှာ volunteer လုပ်နေပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း အခွင့်အရေးရခဲ့မယ်ဆိုရင်တော့ ကိုယ်သိထားတဲ့ ပညာတွေ ဗဟုသုတတွေကို လက်ဆင့်ကမ်းဖြန့်ဝေချင်ပါတယ်။ ဥပမာ- နယ်တွေကို သွားပြီးတော့ပဲ ဖြစ်ဖြစ်၊ တနေရာရာမှာပေါ့။ စာသင်ခန်းတို့ဘာတို့မှာပဲဖြစ်ဖြစ်။ အနီးစပ်ဆုံးပြောရရင် ဟောပြောပွဲလို ပုံစံလေးပေါ့။

မေး။ ။နောက်နှစ်တွေမှာ ကြိုးစားကြဦးမယ့် ညီငယ် ညီမငယ်တွေ၊ နောက်ပြီး တခြား ရွယ်တူတွေအတွက်လည်း စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ။ ။ အဓိကက ကျန်းမာရေးကို အထူးဂရုစိုက်စေချင်တယ်။ ကျန်းမာရေးကို ထိခိုက်စေမယ့် အရာမျိုးတွေ၊ ဥပမာ အိပ်ချိန်အရမ်းများတာမျိုး၊ အိပ်ချိန်အရမ်းနည်းလွန်းတာမျိုး၊ နောက်တခုက စားသင့်တဲ့အချိန်မှာ မစားတာမျိုး၊ နောက်ပြီး တော့ ဆယ်တန်းမှာ Facebook တို့ Game တို့ကို မသုံး၊ မဆော့ပဲ ခဏရှောင်ပါ။ ကိုယ်ပိုင် စာကျက်ချိန်ကို များများထားပါ။ ကျောင်းစာမေးပွဲဖြစ်ဖြစ် ကျူရှင်စာမေးပွဲဖြစ်ဖြစ် သေသေချာချာ တလေးတစား ဖြေဆိုပါ။ စာမေးပွဲတွေက ရလာတဲ့ ရလဒ်တွေ အမှားတွေကို နောက်တကြိမ် ထပ်မမှားအောင် ပြင်ဆင်ပါ။ တကြိမ်မှာ အမှတ်နည်းသွားလို့၊ ကျရှုံးသွားလို့ စိတ်ဓာတ်မကျပါနဲ့၊ နောက်တကြိမ် ပြန်ပြီးတော့ ကြိုးစားပါ။ မိဘဆရာသမားကို မပြစ်မှားမိပါစေနဲ့၊ ဘုရားတရား ရိုသေကိုင်းရှိုင်းပါလို့ ပြောချင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading