ပထမဆုံးအကြိမ်အဖြစ် Stellar Seven Entertainment က တာဝန်ယူကျင်းပတဲ့ Miss Myanmar International 2017 ရဲ့ ဆန်ခါတင်အလှမယ် ၂၈ ယောက်ကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့နိုဗိုတယ်ဟိုတယ်တွင် စာနယ်ဇင်း များကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။
“ဒီနေ့မှာတော့ ကျမတို့ Miss Myanmar International 2017 ပြိုင်ပွဲဝင်ဖို့အတွက် ဆန်ခါတင်အလှမယ် ၂၈ ယောက်ကို ရွေးချယ်ပြီးဖြစ်ပါတယ်။ ကျမတို့ရွေးချယ်တဲ့အခါမှာ တောင်ကြီး၊ မန္တလေး၊ ရန်ကုန်မြို့များတွင် လူတွေ့အင်တာဗျူး အဆင့်ဆင့်ဖြင့် အလှမယ် ၂၈ ယောက်ကို ရွေးချယ်ခဲ့ပါတယ်” လို့ Stellar Seven Entertainment မှ Operation Director မလင်းဝတ်မှုံက ပြောပါတယ်။
Miss Myanmar International 2017 ရဲ့ ဆန်ခါတင် အလှမယ်များကိုတော့ ရန်ကုန်မြို့ရှိ Golden City Luxury Condo တွင် ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဆန်ခါတင်အလှမယ်များရဲ့ လှုပ်ရှားမှုအစီအစဉ်များကို ဇွန်လ ၂၅ ရက်မှစတင်၍ အပတ်စဉ် ၆ ပတ်တိတိ တနင်္ဂနွေနေ့တိုင်းတွင် Mntv Channel မှ ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Miss Myanmar International 2017 ရဲ့ Grand Final ပွဲတွင်တော့ အလှမယ် ၂၀ ဦးထဲမှ ၁၀ ဦးကို Grand Final နေ့မှ ဒိုင်လူကြီးများ၏ အမှတ်များ၊ စခန်းသွင်းလေ့ကျင့်ချိန်တွင် ရရှိသည့်အမှတ်များနှင့် SMS Voting တို့ဖြင့် ထပ်မံရွေးချယ်သွားမှာ ဖြစ်ပါတယ်။
Miss Myanmar International 2017 ရဲ့ Grand Final ပွဲကိုတော့ သြဂုတ်လ ၁ ရက်နေ့တွင် နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Miss Myanmar International 2017 ရရှိတဲ့ အလှမယ်ကတော့ ဂျပန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Miss Myanmar International အလှမယ်ရွေးချယ်ပွဲကို ၂၀၁၂ ခုနှစ်ကစတင်ကာ မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်က ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ စတင်ကာ Stellar Seven Entertainment က ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပတာ ဖြစ်ပါတယ်။