မော်လမြိုင်မြို့Strand ဟိုတယ်၌ ဇွန်လ ၂၆ ရက်နေ့ညက ကျင်းပခဲ့တဲ့ Miss Universe Mawlamyine 2017 Winner အလှမယ်ဆုနဲ့ 1st Runner Up အလှမယ်ဆုတို့ကို ညီအစ်မအရင်းနှစ်ဦးဖြစ်တဲ့ မအိရွှေစင်မေနှင့် မလင်းလက်အောင် တို့က အသီးသီး ရွေးချယ်ခံခဲ့ရပါတယ်။
မွန်ပြည်နယ်ရှိ မြို့ပေါင်း ၁၀ မြို့အတွင်းမှ အလှမယ် ၂၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှ ခါးနံပါတ် ၁၉ ဖြင့် ယှဉ်ပြိုင်ခဲ့တဲ့ အစ်မဖြစ်သူ အလှမယ် မအိရွှေစင်မေက Winner အဖြစ် အရွေးချယ်ခံခဲ့ရကာ ခါးနံပါတ် ၂၁ ဖြင့် ယှဉ်ပြိုင်ခဲ့တဲ့ ညီမဖြစ်သူ မလင်းလက်အောင်က 1st Runner Up တို့အသီးသီး ရွေးချယ်ခံခဲ့ရတာပါ။
“အခု Winner ရသွားတဲ့ သူရော 1st Runner Up ရောက ညီအစ်မအရင်းတွေ၊ သူတို့က ရုပ်ချင်းလဲ ဆင်တယ်။ အခု Winner ရသွားတဲ့ သူက အကြီးမ၊ အကြီးက ကျတော့ အငယ်မ ထက်ကို အတွေ့အကြုံ ပိုရှိတယ်ထင်တယ်။ အသားရေပိုင်း အရရော အဖက်ဖက်ကပေါ့နော်။ အားသာချက် ရှိတယ်လို့ ထင်တယ်” လို့ Winner ရရှိ သွားတဲ့ မအိရွှေစင်မေအား အလှမယ် သရဖူ ဆောင်းပေးခဲ့တဲ့ Miss Universe Mawlamyine 2016 အလှမယ် မလဲ့လဲ့မိုးကျော်မှ ဧရာဝတီကိုပြောပါတယ်။
Miss Universe Mawlamyine 2017 Winner အဖြစ် သူ့အမည်အား ကြေညာလိုက်ချိန်မှာ အရမ်းကို ဝမ်းသာ ပျော်ရွှင် မိကြောင်း မအိရွှေစင်မေက အလှမယ်ရွေးချယ်ပွဲအပြီး ဧရာဝတီ သတင်းဌာနရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြား ပေးခဲ့ပါတယ်။
“အစကတော့ နည်းနည်း စိုးရိမ်ခဲ့တာပေါ့နော်။ စင်ပေါ်မှာ အကောင်းဆုံး လုပ်မှ လုပ်ပြနိုင်ပါ့မလားလို့၊ အဲဒီအတိုင်းပဲ ညီမ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်” လို့ သူက ဆိုပါတယ်။
Winner ဆုရှင် မအိရွှေစင်မေဟာ လက်ရှိမှာ အင်္ဂလိပ်စာဘာသာ အဓိကဖြင့် မော်လမြိုင် အဝေးသင်တက္ကသိုလ် ဒုတိယ နှစ်မှာ ပညာသင်ကြားလျက်ရှိပြီး ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မယ့် Miss Universe Myanmar 2017 ပြိုင်ပွဲသို့ မွန်ပြည်နယ် ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ကာ မွန်ပြည်နယ်ပရိသတ်များရဲ့ အားပေးမှုများအား မျှော်လင့်ထားကြောင်းလည်း သူက ပြောပါတယ်။
Miss Universe Mawlamyine အား ၂၀၁၅ ခုနှစ်မှ စတင်ပြီး ၃ နှစ် ဆက်တိုက် မော်လမြိုင်၌ ကျင်းပလာခဲ့ရာတွင် ဝင်ရောက် ယှဉ်ပြိုင်လာကြတဲ့ အလှမယ်များအနေနဲ့ ကိုယ်လုံး ပို၍ သေးငယ်လာကြကာ အရပ် အမောင်းများလည်း ပို၍ နိမ့်လာကြတဲ့အတွက် အားမရဖြစ်မိကြောင်း ပွဲစီစဉ်သူ City Directory ကိုကျော်သူရက သုံးသပ်ပြောဆိုပါတယ်။
“တချို့က Miss သာ ဖြစ်ချင်ကြတာ။ Miss ဆိုတာ ဘာမှန်း သူတို့တွေ မလေ့လာကြဘူး။ Miss ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့ ဘာမှန်းမသိဘဲ လာပြိုင်ကြတယ်၊ ကိုယ်လုံးကိုယ်ပေါက်နဲ့ မျက်နှာအနေအထား ကတော့ ပထမနှစ်ကို ပိုကြိုက်တယ်၊ အရပ်ကြီးတွေလည်း အရှည်ကြီးတွေ အရမ်းရွေးရခက်တယ်။ ပြီးခဲ့တဲ့နှစ်ကလည်း သိပ်အဆင်မပြေဘူး။ ပြိုင်ပွဲဝင်တွေက အကောင်သေးလာတယ်” လို့ သူ ဆိုပါတယ်။
၂၀၁၇ ခုနှစ် Miss Universe Mawlamyine ရဲ့ 2nd Runner Up အဖြစ် သံဖြူဇရပ်မြို့မှ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ခါးနံပါတ် ၂၂ အလှမယ် မမျိုးစန္ဒာဝင်းက ရွေးချယ်ခံခဲ့ရပါတယ်။
Miss Universe Mawlamyine အား ၃ နှစ်ဆက်တိုက် မော်လမြိုင်မြို့၌ ကျင်းပလာခဲ့ပြီး ဖြစ်ရာ ၂၀၁၅ ခုနှစ်တွင် အလှမယ် အိဖြိုးသွယ်၊၂၀၁၆ ခုနှစ်တွင် အလှမယ် မလဲ့လဲ့မိုးကျော်၊ ယခု ၂၀၁၇ ခုနှစ်တွင် အလှမယ် မအိရွှေစင်မေ တို့က အသီးသီး အရွေးချယ်ခံခဲ့ရပါတယ်။