ဧဒင် သက်ငယ်မသန်စွမ်းသူများပြုစုရာရိပ်မြုံရဲ့ ၁၄ လပြည့် အထိမ်းအမှတ်နဲ့ အတွေ့အကြုံဖလှယ်ပွဲ အခမ်းအနားကို ဒီကနေ့ မနက် ၉ နာရီက ရန်ကုန်မြို့ Central Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဧဒင် သက်ငယ်မသန်စွမ်းသူများ ပြုစုရာရိပ်မြုံအနေနဲ့ အသက် ၆ နှစ်အောက် မသန်စွမ်း ကလေးငယ်များ ပြုစု စောင့်ရှောက်ခြင်းကို ၂၀၁၆ ခုနှစ် မေလက စတင်ခဲ့တယ်လို့ သိရပါတယ်။ ဒီ စီမံကိန်းမှာ ဆရာမများက မသန်စွမ်းကလေးမိဘများအား စွမ်းဆောင်ရည်မြှင့် သင်တန်းများပြုလုပ်ပေးခြင်း၊ ရပ်ရွာရှိ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းကာ မသန်စွမ်းကလေးများ လိုအပ်တဲ့ ECI (Early Childhood Intervention) ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးရေး ဝန်ဆောင်မှုတွေပေးခြင်း၊ မသန်စွမ်းကလေးများအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက တာဝန်ယူ လုပ်ဆောင်လာစေဖို့အတွက် သက်ဆိုင်သူတွေကို အရေးဆိုလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

“နိုင်ငံတကာမှာ ပြုလုပ်တဲ့ သင်တန်းတွေကိုလည်း သူတို့နဲ့ သင့်တော်မယ့် သင်တန်းတွေကို ရွေးချယ်ပေးပြီး တက်ရောက်ခိုင်းနေပါတယ်။ မြန်မာပြည်မှာကျတော့ အရမ်းရှားတယ်၊ ဒီ မသန်စွမ်းတွေကို အားပေးတာမျိုးပေါ့။ ဒီတော့ ကျနော်တို့က သူတို့ကို တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးတဲ့သဘောပါပဲ။ လက်ရှိမှာ ဝန်ဆောင်မှုပေးခဲ့တဲ့ ကလေးငယ် ၁၂၆ ဦး ရှိနေပါပြီ။ သူတို့တွေက ကရင်ပြည်နယ် ဘားအံမြို့နယ်နဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်လည်း ပါပါတယ်။ ကလေးတယောက် ၁ နှစ်အရွယ်မှာ သူ့ရဲ့ မှတ်ဉာဏ်က ဘယ်လိုလဲ၊ သူ ဘယ်လောက် တိုးတက်သလဲ စသဖြင့်ကို တိုင်းတာတဲ့ ပေတံတွေရှိတယ်၊ အဲဒီ ပေတံအတိုင်း ၆ လအရွယ် ၁ နှစ်အရွယ် ဆိုပြီး တိုင်းတာတဲ့အခါမှာ ဘယ်ကလေးက ဘယ်အပိုင်းမှာ အားနည်းတယ်ဆိုတာကို ချက်ချင်းသိရတယ်။ အဲဒီလို သိရတာနဲ့ သူနဲ့ သင့်တော်တဲ့ ဝန်ဆောင်မှုကို ချက်ချင်းပေးရတယ်။ ဒါပေမယ့် အဲဒီစနစ်က မြန်မာပြည်မှာ မရှိသေးတဲ့အခါကျတော့ ကလေးတယောက် လိုအပ်နေတဲ့ ဝန်ဆောင်မှုကို လိုအပ်တဲ့အချိန်မှာ ရရှိတယ်ဆိုတာ မရှိသေးဘူးလေ။ ဆိုတော့ ကျနော်တို့ အဲဒီစနစ်အတွက် ကြိုးစားနေတာပါ” လို့ ဧဒင်သက်ငယ်မသန်စွမ်းသူများ ပြုစုရာရိပ်မြုံ တည်ထောင်သူ ဦးထွန်းအောင်က ပြောပါတယ်။

ဆက်လက်ပြီး ဧဒင် သက်ငယ်မသန်စွမ်းသူများပြုစုရာရိပ်မြုံမှ ဆရာမတဦးဖြစ်သူ ဒေါ်စန်းစန်းဝင်းက “ကျမတို့ရဲ့ target area ထဲမှာ ပါတဲ့ မသန်စွမ်းကလေးဦးရေ အကုန်လုံးကိုတော့ ကျမတို့ စာရင်းကောက်ပါတယ်။ ကျမတို့က အသက် ၆ နှစ်အောက် ကလေးငယ်တွေကို ပြုစုတာဆိုပေမယ့် တကယ်လို့များ အဲဒီကလေးအိမ်နဲ့ အနီးအနားပတ်ဝန်းကျင်မှာ ကျမတို့ သတ်မှတ်ထားတဲ့ အသက်ထက်ကြီးနေတဲ့ မသန်စွမ်းကလေးတဦးဦး ရှိနေမယ်ဆိုလို့ရှိရင်လည်း ကျမတို့ သက်ဆိုင်ရာ လူကြီးမိဘတွေကို အသိပညာပေးခဲ့တာမျိုးတွေတော့ လုပ်ခဲ့ပါတယ်။ ကျမတို့ တတ်နိုင်သလောက် ကူညီတာပေါ့နော်” လို့ ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် ဧဒင်သက်ငယ်မသန်စွမ်းသူများပြုစုရာ ရိပ်မြုံအနေနဲ့ ၎င်းတို့ပြုလုပ်နေတဲ့ မသန်စွမ်းကလေးသူငယ်များ ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ လုပ်ငန်းများကို တိုင်းဒေသကြီး ၂ ခုနဲ့ ပြည်နယ် ၆ ခုမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားဦးမှာဖြစ်ပြီး လတ်တလော လျာထားချက်များအနေနဲ့ ရွှေပြည်သာ၊ ပုသိမ်၊ လှိုင်သာယာ၊ ဘားအံ၊ အင်းစိန်နဲ့ လှိုင်မြို့နယ်တို့ဖြစ်တယ်လို့ သိရပါတယ်။