မြန်မာနိုင်ငံရဲ့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှု Wave Money နှင့် အငှားယာဉ် ဝန်ဆောင်မှု Grab Taxi တို့ မိတ်ဖက်အဖြစ် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲကို ယနေ့၊ ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ Melia ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
Wave Money နှင့် Grab တို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု စာချွန်လွှာကို Wave Money ရဲ့ CEO ဖြစ်တဲ့ Mr.Brad Jones နဲ့ Grab Myanmar ရဲ့ Country Manager ဖြစ်သူ Mr.Amrt Sagar တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Grab နှင့် Wave Money တို့ ပူးပေါင်းလိုက်ပြီး Grab အသင်းဝင် ယာဉ်မောင်းများနဲ့ Grab စီးနင်းသူ ခရီးသည်များအနေနဲ့ ငွေသွင်းငွေထုတ်၊ ငွေရှင်းခြင်းစတဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို Wave Money အကောင့်အသုံးပြုပြီး ငွေပေးချေသွားနိုင်မယ်လို့ သိရပါတယ်။
“ငွေပေးချေမှုမှာ Driver အပိုင်းနဲ့ ခရီးသည်အပိုင်းဆိုပြီး ၂ ပိုင်းရှိပါတယ်။ ယာဉ်မောင်းတွေဘက်က လည်း သူ့ရဲ့ ငွေဖြည့်သွင်းတာတွေ၊ ငွေထုတ်ယူတာတွေကို Wave Money Wallet နဲ့ Grab ချိတ်ပြီး လုပ်လို့ရတယ်။ ပြီးတော့ Grab Application နဲ့ Wave Money Application ၂ ခုကို ချိတ်ဆက်ပြီး ခရီးသည်ဘက်ကလည်း ပေးချေတာတွေ လုပ်လို့ရမယ်” လို့ Grab Myanmar ရဲ့ Country Manager ဖြစ်သူ Mr.Amrt Sagar ကပြောပါတယ်။
Grab ယာဉ်မောင်းများအနေနဲ့ ၎င်းတို့ရဲ့ ကိုယ်ပိုင် e-money အကောင့်မှ Grab driver wallets မှာ ငွေဖြည့်ထားနိုင်ပြီး နေ့စဉ်ဝင်ငွေများကို ရန်ကုန်မြို့နေရာအနှံ့မှာရှိတဲ့ Wave Money Agent တွေမှာ အလွယ်တကူ သွားရောက်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
“Wave Money က အခုလို Grab နဲ့ ပူးပေါင်းလိုက်တဲ့အတွက် ယာဉ်မောင်းတွေ ငွေကြေးကိစ္စ လုပ်ဆောင်တဲ့အခါ ပိုအဆင်ပြေသွားမယ်။ အရင်လို ဘဏ်သွားစရာ မလိုတဲ့အတွက် အချိန်ကုန် သက်သာမယ်။ ဘဏ်တွေက တပတ်မှာ ၅ ရက်ပဲ ဖွင့်ပေမယ့် Wave Money အေးဂျင့်ဆိုင်တွေက တပတ်မှာ ၇ ရက်၊ ညဘက်အထိ ဝန်ဆောင်မှုပေးတာကြောင့် ယာဉ်မောင်းတွေအတွက် ပို အဆင်ပြေမှာပါ” လို့ Wave Money ရဲ့ CEO ဖြစ်သူ Mr.Brad Jones က ပြောပါတယ်။
Wave Money ဟာ ငွေလွှဲဝန်ဆောင်မှုများကို ကိုယ်စားလှယ်ပေါင်း ၉၀၀၀ ကျော်နဲ့ မိုဘိုင်းမှတဆင့် ငွေကြေးလွှဲပြောင်းနိုင်တဲ့ ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတခုဖြစ်ပြီး တယ်လီနော၊ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှု (FMI) နဲ့ ရိုးမဘဏ်တို့ အတူလက်တွဲ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။
Grab Taxi ဝန်ဆောင်မှုဟာ အရှေ့တောင်အာရှမှာ ကုန်းလမ်းခရီးသည် ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးနေတဲ့ ရှေ့ဆောင်ကုမ္ပဏီတခုဖြစ်ပြီး ယခုလက်ရှိမှာ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ စတဲ့ အရှေ့တောင်အာရှ ၇ နိုင်ငံမှာ ဝန်ဆောင်မှု ပေးလျက်ရှိတယ်လို့ သိရပါတယ်။
ဆက်စပ်သတင်းလင့်ခ် – Grab Taxi ဝန်ဆောင်မှု ရန်ကုန်မှာ မကြာခင် စတင်မည်