တေးသံရှင် ပိုပို တတိယမြောက်တေးစီးရီး မကြာခင် ထွက်မည်
တေးသံရှင် ပိုပိုရဲ့ “Master Piece” လို့ အမည်ပေးထားတဲ့ တတိယမြောက်တကိုယ်တော်အယ်လ်ဘမ်ကို ဇူလိုင်လ ၁၆ ရက်နေ့တွင် The Sun Music Production မှ တနိုင်ငံလုံးကို ဖြန့်ချိပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
“သီချင်းလေးတွေက ပရိသတ်ကြိုက်တဲ့ သီချင်းလေးတွေပါ။ ဒီအခွေကိုတော့ ပရိုမိုးရှင်းလုံးဝမလုပ်ပါဘူး။ The Sun Music Production ကနေပဲ တနိုင်ငံလုံးကို ဖြန့်ချိပေးပါမယ်။ ဒီအခွေလေးကတော့ အရမ်းကြိုးစားထားတာ ဖြစ်တဲ့အတွက် အားပေးစေချင်ပါတယ် ”လို့ ပိုပိုက ဧရာဝတီကို ပြောပါတယ်။
ဒီ တေးစီးရီးထဲမှာ တေးသီချင်း ၁၀ ပုဒ်ပါဝင်ထားပြီး ၇ ပုဒ်ကတော့ ပရိသတ်အကြိုက်ပြုလုပ်ထားခြင်းဖြစ်ကာ ကျန်တဲ့ ၃ ပုဒ်ကတော့ ပိုပိုရဲ့အကြိုက်ပြုလုပ်ထားတာလို့လည်း သိရပါတယ်။
အဆိုပါ တေးစီးရီးထဲတွင် Rဇာနည်၊ ဟဲလေး၊ ရွှေထူး၊ နီနီခင်ဇော်၊ ငဲငယ်လေးတို့လည်း ပါဝင် သီဆိုပေးထားတယ်လို့ သိရပါတယ်။
“Master Piece” တေးစီးရီးရဲ့ Audio CD ထွက်ပြီး လေးလအကြာတွင်တော့ Music Video ထွက်ရှိလာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“MTV ကတော့ ၄ လ လောက်ပဲ ကွာမှာပါ။ ၆ ပုဒ်လောက်တော့ ရိုက်ပြီးပါပြီ။ ၄ ပုဒ်လောက်ပဲ ကျန်မှာပါ။ MTV ကိုလည်း ပိုက်ဆံတွေအများကြီး အကုန်ခံပြီး လုပ်ထားပါတယ်။ ပရိသတ်တွေကို အကောင်းဆုံးပေးချင်တဲ့စိတ်နဲ့ လုပ်ထားတာ ဖြစ်တဲ့အတွက် နောက်ထပ် ၄ လအကြာမှာ MTV အမိုက်စားတွေ ထွက်လာမှာဖြစ်တဲ့အတွက် အားပေးပါဦးလို့ ပြောချင်ပါတယ်” လို့ ပိုပိုက ဧရာဝတီကို ပြောပါတယ်။
တေးသံရှင် ပိုပိုရဲ့ ပထမဆုံးတကိုယ်တော်တေးစီးရီး “ချစ်ဖူးခဲ့သမျှ” နဲ့ ဒုတိယမြောက်တေးစီးရီးဖြစ်တဲ့ “အလွမ်းသီချင်းကြိုက်တဲ့ရေဒီယို”တို့မှ တေးသီချင်းများဟာ ပရိသတ်တွေအကြား အောင်မြင်ခဲ့တဲ့ တေးသီချင်းများ ဖြစ်ခဲ့ပါတယ်။
အဆိုတော် ပိုပိုဟာ လူငယ်ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။