နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တောင်-မြောက်ကွဲကွာနေကြတဲ့ ကိုရီယား နိုင်ငံသားတွေရဲ့ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း လိုလား ဆာလောင်နေကြတာက ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ချစ်မြတ်နိုး တာချင်း တူညီကြတဲ့ ကိုရီယား-မြန်မာ ပန်းချီပန်းပုအနုပညာရှင်တွေရဲ့ ချစ်ကြည်ရင်းနှီးမှု၊ အတူတကွ ပူးပေါင်း လုပ်ဆောင်မှုတွေရဲ့ ရလဒ်ကို Platform of the Peace အနုပညာပြပွဲမှာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။
Platform of the Peace အနုပညာပြပွဲကို သံလွင်လမ်းမှာ ရှိတဲ့ New Treasure အနုပညာ ပြခန်းမှာ ပြုလုပ်နေတာဖြစ်ပြီး ကိုရီယား ပန်းချီ ပန်းပုအနုပညာရှင် ၁၀ ဦး၊ မြန်မာပန်းချီ ပန်းပုအနုပညာရှင် ၁၀ ဦးတို့ရဲ့ အနုပညာဖန်တီးမှုလက်ရာများကို ဇူလိုင် ၁ ကနေ ၆ ရက်နေ့ အထိ ပြသတာ ဖြစ်ပါတယ်။
ပထမအကြိမ် အနုပညာပြပွဲကို ကိုရီးယား-မြန်မာ သံတမန် ဆက်ဆံရေး နှစ် ၄၀ ပြည့်တဲ့ ၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ယခုအကြိမ်ကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။
ပြခန်းရဲ့ အဝင်ဝမှာတော့ မြန်မာမော်ဒန်ပန်းပု ပညာရှင် ချမ်းအေး ရဲ့ စကျင်ကျောက်နဲ့ ဆီလီကွန် ပေါင်းစပ်ဖန်တီးထားတဲ့ ပန်းပုလက်ရာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီလက်ရာ ဖန်တီးဖြစ်ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဆရာချမ်းအေးက “ပျော့ပြောင်းမှုကို ကိုယ်စားပြုတဲ့ ဆီလီကွန်နဲ့ မာကျောတဲ့ စကျင်ကျောက်ကို ပေါင်းစပ်ကြည့်တာပါ။ ဆန့်ကျင်ဘက် နှစ်ခုကို ပေါင်းစပ်ကြည့်တာပေါ့။ Beauty ဖြစ်ဖြစ် တခုခု ပေါ်လာရင် ကျနော် အားထုတ်ရကျိုး နပ်တာပါ။ ကြိုးစား ကြည့်တာပါ” လို့ ဆိုပါတယ်။
ချမ်းအေးရဲ့ ပြကွက် အနီးမှာ ပြသထားတဲ့ ကိုရီးယားမော်ဒန်ပန်းပု ပညာရှင် Pyo Insook ရဲ့ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ Stainless Steel ဆိုတဲ့ ပန်းပုကိုလည်း ပရိသတ်များက စိတ်ဝင်တစား ကြည့်ရှုခံစားနေတာ တွေ့ရပါတယ်။ Steel နဲ့ ပြုလုပ် ဖန်တီးထားတဲ့ ဘဲ ပုံသဏ္ဌာန် ပန်းပုလက်ရာနဲ့ ပတ်သက်ပြီး Pyo Insook က “ဒီလောက်လှပတဲ့ သတ္တဝါကို လူတွေက သတ်ဖြတ် စားသောက်ကြတယ်။ အဲဒါကို ကြည့်ရင်း ကျနော် အရမ်းနှမြောပြီး ဒီဘဲပုံစံ စတီးပန်းပုကို ဖန်တီးဖြစ်သွားတာပါ။ လူတွေကို ပြချင်တာပါ” လို့ ဆိုပါတယ်။
ပန်းချီဆရာ ဖေညွှန့်ဝေ ကလည်း ချစ်ကြည်ရေး၊ စည်းလုံးမှု သရုပ်တွေကို ဖော်ဆောင်တဲ့ ကချင်ရိုးရာ မနောပွဲ အက ပန်းချီကားနဲ့ မြန်မာ့ရိုးရာ ခြင်းဝိုင်း ပန်းချီကားတို့ကို ပြသထားပါတယ်။ ကိုရီးယားပန်းချီဆရာ Choi SukUn ရဲ့ Old jar အမည်ရှိ ပန်းချီကားကြီးက လာရောက်ကြည့်ရှုတဲ့ ပရိတ်သတ်ကို ဖမ်းစားနိုင်တာ တွေ့ရပါတယ်။
ပန်းချီကားထဲမှာ စဉ့်အိုးကြီးတလုံးနဲ့ အတူ ခွေး၊ ဝက် တကောင်စီ ထည့်သွင်းရေးဆွဲထားတဲ့ အဲဒီ Old jar ပန်းချီကားနဲ့ ပတ်သက်ပြီး ပန်းချီဆရာ Choi SukUn က “အရင်ခေတ်က ကိုရီးယားမှာ စဉ့်အိုးလုံးလုံးကြီးတွေကို သုံးကြတယ်။ အဲဒီအိုးကြီးတွေက “လ” နဲ့ သွားတူတယ်။ “လ” က အေးမြတဲ့အလင်းရောင်ကို ပေးတယ် ဆိုတော့ ငြိမ်းချမ်းရေး အဓိပ္ပယ်ကို ဆောင်တာပေါ့ ဗျာ။ နောက် “လ” မှာ ယုန်ကလေးရှိနေတယ် လို့ လူတွေ အားလုံးက သိထားကြတယ်။ ဒါပေမယ့် ကျနော် မြင်တာက “လ” ထဲမှာ ရှိတာက ခွေးလည်း ဖြစ်နိုင်တယ်။ ဝက်လည်း ဖြစ်နိုင်တယ်။ လူတိုင်းဟာ ကိုယ်တွေးချင်တဲ့ ပုံစံတွေးလို့ ရပါတယ်။ နောက် ဝက် ဆိုတာက ကံကောင်းခြင်း ရလဒ်တွေကို ပေးတယ်။ လာဘ်ရွှင်တယ် ဗျ” လို့ သူ့ရဲ့ သရုပ်ဖော်မှုကို ရှင်းပြပါတယ်။
Platform of the Peace အနုပညာပြပွဲမှာ ကိုရီးယား- မြန်မာပန်းချီ၊ ပန်းပု လက်ရာပေါင်း ၄၀ ကျော် ပြသထား ပါတယ်။ ပြပွဲကို လာရောက်ကြည့်ရှုတဲ့ မြန်မာ ပန်းချီဆရာ မိုးညိုက ပြပွဲနဲ့ ပတ်သက်လို့ “ဒီလိုပွဲမျိုးကတော့ အများကြီး ဖြစ်သင့် ပါတယ်။ ကျနော်တို့ တတွေ ပိုပြီးအမြင်ကျယ်တာ ပေါ့။ ဒီမှာနေတဲ့ အများစု အတွက်ကတော့ အကျိုးရှိပါတယ်” လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။
၂၀၁၇ ခုနှစ်ဟာ ကိုရီယားနိုင်ငံနဲ့ အာဆီယံနိုင်ငံတို့ အပြန်အလှန် ယဉ်ကျေးမှုဖလှယ်တဲ့ နှစ်လည်း ဖြစ်ပါတယ်။
ဒါကြောင့် ဒီပွဲကို စီစဉ်သူ Artistic Asia အနုပညာ အဖွဲ့အစည်းမှ ဒါရိုက်တာ Park TaeHong က “မြန်မာနဲ့ ကိုရီးယားကို ကြည့်လိုက်ရင် ကိုရီးယားမှာ မြောက်ကိုရီယား၊ တောင်ကိုရီးယားရှိတယ်။ ဒါပေမယ့် သူတို့ ၂ ခုက ကွဲနေတယ်။ ငြိမ်းချမ်းရေး မရသေးဘူး။ မြန်မာနိုင်ငံကိုလည်း ကြည့်လိုက်ရင် ငြိမ်းချမ်းရေးကို လုပ်ဆောင်နေကြတယ်။ နှစ်နိုင်ငံ တူညီတဲ့ အချက်ကို ကြည့်လိုက်တဲ့အခါ ငြိမ်းချမ်းရေး ဆိုတဲ့ဟာကို သွားတွေ့တယ်။ ဒီငြိမ်းချမ်းရေးကို ဆက်စပ်ပေးတဲ့ လမ်းပေါ့နော်။ Platform of the Peace ဆိုပြီး အမည်ပေးခဲ့တာပါ” လို့ ပြောပါတယ်။
Platform of the Peace အနုပညာပြပွဲမှာ ပြသထားတဲ့ အနုပညာ လက်ရာ ပန်းချီကား ဈေးနှုန်းတွေက ဒေါ်လာ ၁၀၀ မှ ဒေါ်လာ ၃၀၀၀ ကျော် အထိ သတ်မှတ်ထားပြီး ရောင်းရငွေ ၅၀ ရာခိုင်နှုန်းကို Artistic Asia အနုပညာ အဖွဲ့အစည်းကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ Artistic Asia အနုပညာ အဖွဲ့ အစည်းက တဆင့် မြန်မာနိုင်ငံမှာ ရှိတဲ့ စာသင်ကျောင်းတွေ၊ လမ်းတွေ တည်ဆောက်ပြုပြင်ရာမှာ ထောက်ပံ့ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူ ပန်းချီ မင်းဝေအောင် က ပြောပါတယ်။