ကယားရိုးရာ အတီးအမှုတ်ကိရိယာ တခုဖြစ်တဲ့ ဝါးဂစ်တာဟာ ယနေ့ခေတ်မှာ အမှတ်တရ လက်ဆောင်ပစ္စည်း အဖြစ်သာ ရှိနေတော့ပြီး ဝါးဂစ်တာ ပြုလုပ်တတ်သူ ပညာရှင်လည်း လွိုင်ကော်မြို့နှင့် အနီးတဝိုက်တွင် အတော်ရှားပါးလာနေပြီ ဖြစ်သည်။ အသက် ၇၀ အရွယ် ဦးမီးရယ်က ဝါးဂစ်တာ ကို ကိုယ်တိုင် ပြုလုပ်ပြီး ကိုယ်တိုင်လည်း တီးခတ်သည်။ သူသည် ဝါးဂစ်တာ ကို ပြုလုပ်တတ်သူအဖြစ် ကျန်ရှိသူ တဦး ဖြစ်သည်။
ဝါးလုံးအရွယ်အစားပေါ် မူတည်၍ ဝါးဂစ်တာ အသေး၊ အကြီး ရနိုင်သည်။ ဝါးဆစ်ပိတ်ဘက် တဖက်စီမှ လွှဖြတ်ပြီး သံစဉ်ကြိုး ၈ ချောင်းကို ဓါးပါးဖြင့် အနုုစိတ် လှီးထုတ် အချောသတ်ကာ ဘေးနားတဖက်စီမှ အလျားလိုက် အပေါက်ငယ်များ ဖောက်လိုက်ပြီး လျှင် အသင့် တီးခတ်နိုင်သော ဝါးဂစ်တာကို ရရှိပြီ ဖြစ်သည်။
ဦးမီးရယ်သည် လူပျိုဘဝကတည်းက ဝါးဂစ်တာ ပြုလုပ်လာပြီး သစ်လုံးမှ ထွင်းသော ကယားဂီတာ နှင့် ဝါးပုလွေတို့ကိုလည်း ပြုလုပ်နိုင်သလို ကိုယ်တိုင် တီးခတ်နိုင်သေးသူ ဖြစ်သည်။ ဝါးဂီတာကို ကယားဘာသာစကား ဖြင့် “ကလို့” ဟုခေါ်ကြောင်း သိရသည်။
အဖိုုး ဦးမီးရယ် သည် ဇနီးဖြစ်သူ ဒေါ်စိုးမြာနှင့် ဒီမောဆိုမြို့ရှိ တနီးလလဲ ရွာတွင် နေထိုင်သည်။ တနီးလလဲ ရွာတွင် နိုင်ငံခြားသား ခရီးသွားများ၊ ရပ်ဝေး ခရီးသွားများအနေဖြင့် ဒေသရိုးရာ အစားအသောက်နှင့် လူနေမှု ဘဝတို့ကို လေ့လာနိုင်သေးသည့် ရှေးဓလေ့ အတိုင်း နေထိုင်လျက်ရှိသော သက်ကြီးပုဂ္ဂိုလ်များကို တွေ့ရသည်။
အဖွား ဒေါ်စိုးမြာက ကယားရိုးရာ ရှေးဟောင်းဝတ်စုံကို ယခုအချိန်ထိ ဝတ်ဆင်သည်။ ရှေးဟောင်းကယားဝတ်စုံက ဒူးခေါင်းအထက် လုံချည်၊ လက်တဖက်ဖော်ထားသော ရင်စလွယ်နှင့် ခါးပတ် ပဝါပါးပတ်ကာ အပေါ်မှ ခြုံပဝါ ခြုံရသလို နားဆွဲလုံးချွန်၊ ငွေပြား ဆွဲပြားနှင့် ချည်ခွေ ဒူးစွပ် စသည်တို့ကို ဝတ်ရသည်။ ၎င်းကဲ့သို့ ရှေးဟောင်းဝတ်စုံကို လူငယ် လူလတ်များ အကြားတွင်မူ နေ့စဉ်နေ့တိုင်း ဝတ်ဆင်နေထိုင်သူ အလွန်ရှားပါးလာပြီ ဖြစ်သည်။
၎င်းဘဝတလျှောက်လုံး ဝါးဂီတာကို မိသားစု အပန်းဖြေ ဂီတ ဖန်တီးရာတွင် အသုံးများခဲ့သည်။ ယခုအခါ ပြင်ပခရီးသွားများက ဝါးဂစ်တာကို စိတ်ဝင်စားသဖြင့် ဧည့်သည်များကို ဖျော်ဖြေပြသကာ ဝါးဂစ်တာကိုလည်း ရောင်းချရလာရသည်ဟု ဦးမီးရယ်က ပြောပြသည်။
ဝါးဂစ်တာ ပြုလုပ်ပုံကို လေ့လာသင်ယူလိုသူများ ရှိပါက သင်ကြားပေးနိုင်ပါသည်ဟု ဦးမီးရယ်က ဆိုသော်လည်း ယင်းနည်းပညာကို ယခုအချိန်ထိ လူငယ်များ အကြား စိတ်ဝင်စားမှု အလွန်နည်းသည်ဟုလည်း သိရပါသည်။
လွိုင်ကော်မှ ၁၅ မိနစ်ခန့်သာ ကားဖြင့် သွားရသည့် တနီးလလဲ ဒေသခံ အဖိုး ဦးမီးရယ် နှင့် အဖွား ဒေါ်စိုးမြာ တို့ဆီ အလည်ရောက်ပါက ကယားရိုးရာ လူနေမှုပုံစံတို့ လေ့လာနိုင်ပြီး ဝါးဂစ်တာ သံစဉ်တေးသွားကိုလည်း နားဆင်နိုင်မည် ဖြစ်သည်။