MNTV နှင့် Channel 9 ရုပ်သံလိုင်းတို့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြသနေတဲ့ “ရတနာပုံ” မြန်မာရုပ်သံဇာတ်လမ်းတွဲ ကို ယခုအခါ ရုပ်ရှင်နဲ့ဗီဒီယိုများကို လစဉ်ကြေးပေးသွင်းပြီး အင်တာနက်မှ ဒေါင်းလုဒ်ဆွဲ ကြည့်ရှုနိုင်တဲ့ iflix မှာပါ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။
“အရင်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေကို TV က ပြမှပဲ အချိန်မှီ ပြေးကြည့်ရပေမယ့် အခု မြန်မာနာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ‘ရတနာပုံ’ ဇာတ်ကားကို ifilix မှာ အချိန်မရွေး၊ နေရာမရွေး TV မှာ ပြနေတဲ့ အပိုင်းထိ ရုပ်သံအကြည် ဒေါင်းလုဒ်ဆွဲပြီး အလွယ်တကူ ကြည့်ရှုနိုင်ပါပြီ” လို့ iflix မြန်မာ ရဲ့ Country Manager Ms.Adeana Greenlee က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာတခုဖြစ်တဲ့ Ooredoo နဲ့အတူ iflix တို့ ပူးပေါင်းလိုက်ပြီး အူရီဒူး သုံးစွဲသူ များအတွက် ၆ လတိတိ iflix လစဉ်ကြေးအခမဲ့နဲ့ တလလျှင် 1GB အင်တာနက် အခမဲ့အစီအစဉ်များနဲ့ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။
“အူရီဒူးက အခု iflix နဲ့ ပူးပေါင်းလိုက်ပြီး ifilx မှာ ပြသနေတဲ့ ဟောလိဝုဒ်က ရုပ်ရှင်ကားတွေ၊ မြန်မာပြည်က ရုပ်ရှင်ကားတွေကို တပြိုင်တည်း တနေရာတည်းမှာ အချိန်မရွေး နေရာမရွေး ကြည့်လို့ရမယ်။ ၆ လ အခမဲ့ အင်တာနက်နဲ့ လစဉ်ကြေးအခမဲ့မှာ ဇာတ်ကားပေါင်း ၄၀၀ ကျော်ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့Marketing Director မဝင့်ဦးဆွေက ပြောပါတယ်။
မန္တလေးမြို့မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ “ရတနာပုံ” ဇာတ်လမ်းတွဲကို ဇာတ်လမ်း မိုးစက်ဝိုင်၊ ဇာတ်ညွှန်း သူဝေး၊ ဒါရိုက်တာ သားညီက ရိုက်ကူးထားပြီး၊ သရုပ်ဆောင် ဟိန်းဝေယံ၊ ထွန်းကိုကို၊ မိုးယံဇွန်၊ ရတနာဗို၊ အေးဝတ်ရည်သောင်း၊ အလှမယ် ဇွန်သံစဉ်နဲ့ ချစ်ကြေးမုံတို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။
“ဒီကားက အဓိကစပြီး စီစဉ်ဖြစ်တာတော့ Media7 က ကိုဝေမင်းမောင်ပါ။ သူက မန္တလေးသား ဆိုတော့ မန္တလေးနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွဲလေး ရိုက်ချင်တယ်ဆိုပြီး ကျနော့်ကို တိုင်ပင်ပါတယ်။ အဲဒီလို တိုင်ပင်ရာကနေ ကျနော်တို့ အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်ပြီး ဒီ “ရတနာပုံ” ဆိုတဲ့ ဇာတ်လမ်းတွဲလေး ရိုက်ဖြစ်တာပါ” လို့ ရတနာပုံ ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ဒါရိုက်တာ သားညီက ပြောပါတယ်။
ဆက်လက်ပြီး သူက “ရိုက်ကူးနေစဉ်အထိ အမှတ်တရဆိုရင် အခုပြနေတဲ့အထိ ကျနော်တို့ မနေ့ကမှ ရိုက်ပြီးတာပါ။ ကျနော်တို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်ရိုက်ရတာတွေရှိတယ်။ အခက်အခဲတွေ အများကြီးရှိတယ်။ အခု ကျနော်တို့ပြတာ အပိုင်း ၁၁ အထိ ရှိသွားပါပြီ။ အပိုင်း ၁၂ ကိုလည်း ဟိုတနေ့ကမှ ရိုက်ပြီးတာပါ။ အပင်ပန်းခံပြီး ရိုက်ပေးတဲ့ ကျနော့်အဖွဲ့သားတွေ အကုန် ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။
iflix ကို တလလျှင် လစဉ်ကြေး မြန်မာငွေ ၃၀၀၀ ကျပ် ပေးသွင်းပြီး ရုပ်ရှင်များ ကြည့်ရှုနိုင်ကာ အူရီဒူးမှ အထူးပေးထားတဲ့ သီးသန့်ဒေတာ အစီအစဉ်များကိုလည်း ဝယ်ယူနိုင်ပါတယ်။ အူရီဒူးမှ ဝယ်ယူနိုင်တဲ့ iflix ဒေတာအစီအစဉ်တွေကတော့ 1GB ကို ၉၉၉ ကျပ်၊ 4GB ကို ၂၉၉၉ ကျပ်၊ 10GB ကို ၅၉၉၉ ကျပ်တို့ ဖြစ်ပါတယ်။
ifilix မှာ နိုင်ငံတကာ နာမည်ကြီး ဟောလိဝုဒ်၊ ဘောလိဝုဒ် ရုပ်ရှင်ကားများ၊ ကိုရီးယား၊ မြန်မာ၊ ထိုင်း စတဲ့ အရှေ့တောင် အာရှမှ နာမည်ကြီး ရှင်ရှင်ကားများ၊ TV Series များ၊ ဒရာမာ၊ အက်ရှင်၊ လျှို့ဝှက်သည်းဖို၊ ဟာသ အစရှိတဲ့ ဇာတ်လမ်း အမျိုးအစားပေါင်းစုံ ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။