လူတိုင်း ချွေးထွက်ကြပါတယ်။ အထူးသဖြင့် ရာသီဥတု ပူလောင်တဲ့ အခါ ချွေးတပြိုက်ပြိုက် ထွက်တတ်ပြီးတော့ လူကျပ်ကျပ် ဘတ်စ်ကားပေါ်မှာ ဆိုရင် ချွေးနံ့တွေနဲ့ မွန်းကျပ်နေတတ်တာကြောင့် လူအတော်များများက ချွေးထွက်တာကို မနှစ်သက်ကြပါဘူး။ တကယ်တော့ ချွေးထွက်ခြင်း ဟာ ကျန်းမာရေး အတွက် ကောင်းကျိုး အထွေထွေ ရစေတဲ့ တကယ့် လာဘ်ကြီးတပါး ဆိုတာ မသိကြလို့ မနှစ်သက်ကြတာ ဖြစ်တယ်။ ချွေးထွက်ခြင်း ကြောင့် သင့်ရဲ့ ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုတယ် ဆိုတာ ပြောပြပါမယ်။
၁။ ဒဏ်ရာနဲ့ အနာတွေ သက်သာပျောက်ကင်းစေတယ်
ချွေးက ပူလောင်နေတဲ့ ခန္ဓာကိုယ်ကို အေးမြစေပြီး၊ ခန္ဓာကို အပူချိန်ကို ထိန်းညှိပေးပါတယ်။ ပြီးတော့ အရေပြားပေါ်မှာ ရှိနေတဲ့ သန်းပေါင်းများစွာသော ချွေးထွက် ဂလင်းတွေက ဒဏ်ရာတွေ၊
အနာတွေ ပျောက်ကင်း သက်သာစေတယ်၊ လို့ မစ်ချီဂန် တက္ကသိုလ်က သုတေသီ Laure Rittie ရဲ့တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ကျန်းမာရေး အတွက် ပထမ အကျိုးကျေးဇူး ပါပဲ။
၂။ အဆိပ်အတောက်တွေ လျော့နည်းစေတယ်
ချွေးများများထွက် ဘာဖြစ်သလဲ။ ချွေးများများ ထွက်တဲ့ အခါ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်နဲ့ အသုံးမလိုတဲ့ ဓာတ်ပစ္စည်းတွေ၊ သွေးကြောတွေကို ပိတ်ဆို့တဲ့ အညစ်အကြေးတွေကို ခန္ဓာကိုယ် အပြင်ဘက် ချွေးနဲ့ အတူ ထွက်သွားစေတယ်။ ဒါကြောင့် ကျန်းမာရေး သုတေသီတွေက ချွေးများများထွက်ဖို့ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း အပါအဝင် ကျန်းမာရေး လေ့ကျင့်ခန်း တခုခု လုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဒါက ဒုတိယ အကျိုးကျေးဇူးပါ။
၃။ ချွေးထွက်ခြင်းက အနာရောဂါကို အကာအကွယ်ပေးတယ်
ချွေးထွက်ခြင်း က အရေပြားရောဂါတွေ၊ ထိခိုက်ရှနာတွေ၊ ကုတ်ရာခြစ်ရာတွေ၊ ခြင်ကိုက်ဖုတွေ၊ အရေပြား ရောင်အန်းတာ တွေ ပျောက်ကင်းစေပါတယ်။ ပြီးတော့ အဲဒီကနေ တဆင့် ခန္ဓာကိုယ်တွင်းကို ဝင်ရောက်နိုင်တဲ့ ရောဂါပိုးမွှားတွေကို သုတ်သင်ပေး ပါတယ်။ ဒါက တတိယ အကျိုးကျေးဇူးပါ။
၄။ ကျောက်ကပ် ကျောက်တည်ခြင်းကို ကာကွယ်ပေးတယ်
ချွေးထွက်ခြင်း က သင့်ရဲ့ ကျောက်ကပ် ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။ တကယ်တော့ ကျောက်ကပ်က ခန္ဓာကိုယ် အတွင်းပိုင်းကို အစားအသောက် ကနေ ဝင်ရောက်လာတဲ့ အဆိပ်အတောက်တွေ မလိုအပ်တဲ့ ဓာတ်ပစ္စည်း တွေကို ဆီး အဖြစ် စွန့်ပစ်စေဖို့ လုပ်ဆောင်ပေးတာပါ။
တကယ်လို့ သင်ဟာ ချွေးမထွက်ဘူး ဆိုရင် ခန္ဓာကိုယ် အတွင်းပိုင်းက အဆိပ်အတောက်နဲ့ မလိုအပ်တဲ့ ဓာတ်ပစ္စည်းတွေ ဖယ်ရှားဖို့ ကျောက်ကပ်က ပိုပြီး အလုပ် လုပ်ဆောင်ရ ပါတယ်။
ကျောက်ကပ်က သူ လုပ်ဆောင်နိုင်တာထက် ပိုပြီး လုပ်ဆောင်ဖို့ မဖြစ်နိုင်တဲ့ အခါ ကျောက်ကပ် အတွင်းမှာ စောစောက ပြောခဲ့တဲ့ အဆိပ်အတွေ ကျန်နေတာမျိုး၊ ဒါမှမဟုတ် မလိုအပ်တဲ့ ဓာတ်ပစ္စည်းတွေ ကျန်နေတတ်ပါတယ်။ ဒီလိုနဲ့ မလိုအပ်တဲ့ ဓာတ်ပစ္စည်းနဲ့ အဆိပ်အတောက် စုပုံလာတဲ့ အခါ ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊ ပြည်တည်တာ တွေ ဖြစ်တတ်ပါတယ်။ ဒါက ချွေးထွက်ခြင်း ရဲ့ စတုတ္ထ အကျိုးကျေးဇူးပါ။
၅။ အဝလွန်ခြင်းကို ကာကွယ်ပေးတယ်
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက ကျန်းမာရေး ကောင်းမွန်စေပြီး အဝလွန်တာကို ကာကွယ်ပေးပါတယ်။ ဘယ်လို ကာကွယ် ပေးတာလဲ ဆိုတော့ အားကစား လှုပ်ရှားမှု လုပ်တဲ့ အခါ ခန္ဓာကိုယ်က အပူချိန်မြင့်လာပါတယ်၊ အဲဒီ အခါမှာ ခန္ဓာကိုယ် အပူချိန် ထိန်းညှိဖို့ ချွေးထွက်ပါတယ်၊ ထွက်လာတဲ့ ချွေးတွေက အရေပြား ချွေးဂလင်းတွေကို ကျယ်စေပြီး အရေပြား အောက်မှာ ရှိတတ်တဲ့ အဆီတွေ၊ ဒါမှမဟုတ် အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေကို မြန်မြန်ဆန်ဆန် ထုတ်ဖယ် ပေးပါတယ်။ ဒါက ပဉ္စမမြောက် အကျိုးကျေးဇူးပါ။
(ဆက်လက်ဖော်ပြပါမယ်)
Ref: www.lifehack.org