လူမှုကွန်ရက်ပေါ်တွင် မြန်မာဝတ်စုံအမျိုးမျိုးနဲ့ အလှဓာတ်ပုံတွေကြောင့် ပရိသတ်ရဲ့အားပေးမှု အများအပြား ပြန်လည်ရရှိလာပြီး မအေးသောင်းလို့ ချစ်စနိုးအခေါ်ခံနေရတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ သူ့ ဓာတ်ပုံ တွေရဲ့ကိုယ်ပိုင်ဓာတ်ပုံဆရာ မရှိသေးဘူးလို့ ပြောပါတယ်။
“အမ ပုံတွေကိုရိုက်တာတော့ အမချစ်သူရယ်လို့ မဟုတ်ပါဘူး။ ကြုံတဲ့သူက ရိုက်ပေးတာပါ။ အိမ်မှာနေရင် ဒေါ်ဒေါ်ကြီးရိုက်ပေးတယ်။ နောက်ပြီးတော့ အမ နောက်ကလိုက်တဲ့ ကလေးမလေး ခိုင်ခိုင်က ရိုက်ပေးတယ်။ ပြီးတော့ အမ ကန်ဘောင်တွေ ဘာတွေသွားရင် စက်ဘီးစီးလာတဲ့ ကလေးတွေကို ရပ်ပြီးတော့ ကြုံသလိုရိုက်ဖြစ်တယ်။ အမြဲတမ်းတောက်လျှောက်လိုက်ရိုက်ပေးတဲ့ ဓာတ်ပုံဆရာတော့ မရှိသေးပါဘူး” လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။
ဖေ့စ်ဘွတ်ကြောင့် လူပိုသိလာတာဖြစ်တာကြောင့် ဖေ့စ်ဘွတ်ကိုလည်း ကျေးဇူးတင်ပြီး အကောင်းအဆိုး ဒွန်တွဲနေတဲ့ ဖေ့စ်ဘွတ်ဟာ သူမအတွက် ကောင်းတာက ပိုများပါတယ်လို့ ပြောပါတယ်။
လက်ရှိအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး အေးဝတ်ရည်သောင်းက “မင်္ဂလာရှိသောအရပ်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ မှာ စကားထစ်တဲ့ ကျောင်းဆရာမတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။
အေးဝတ်ရည်သောင်းအနေနဲ့ လက်ရှိတွင် Remax Myanmar ရဲ့ Brand Ambassabor အဖြစ်လည်း ခန့်အပ်ခြင်း ခံထားရပါတယ်။
မအေးသောင်းကို အားပေးနေတဲ့ ပရိသတ်များကို “ပရိသတ်တွေအတွက်တော့ အကောင်းဆုံး အမြဲကြိုးစား နေပါတယ်။ ပရိသတ်ပေးတဲ့ အချစ်တွေက ပေါက်စီအတွက် အရမ်းကိုများတာကြောင့် အရမ်းတာဝန်ကြီးသလို ခံစားရတယ်။ အဲဒီအတွက် အကောင်းဆုံးအမြဲကြိုးစားနေတယ်လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။