Samsung က နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးကို Samsung Myanmar ရဲ့ Brand Ambassador အဖြစ် ခန့်အပ်လိုက်ကြောင်း မကြာသေးခင်က ထုတ်ပြန်ကြေညာပါတယ်။
သရုပ်ဆောင် ဖွေးဖွေးဟာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ “လက်ပံ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ရုပ်ရှင် ဇာတ်ဆောင် အကယ်ဒမီဆု ရရှိခဲ့ပြီး၊ “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားမှာ ထပ်ဆင့် အကယ်ဒမီဆု ရရှိခဲ့တာ ဖြစ်ပါတယ်။
Samsung Brand Ambassador အဖြစ် ခန့်အပ်ခံရတာနဲ့ ပတ်သက်ပြီး ဖွေးဖွေးက – “ဖွေး ကိုယ်တိုင်လည်း အရင်ကတည်းက Samsung ဖုန်းတွေကို အစဉ်တစိုက် အားပေးလာခဲ့တဲ့ အမာခံ ပရိသတ်တဦးပါ။ အခုလို ကမ္ဘာကျော် အမှတ်တံဆိပ်တခု ဖြစ်တဲ့ Samsung Myanmar ရဲ့ Brand Ambassador တဦးအဖြစ် ခန့်အပ်ခြင်းခံရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ Samsung နဲ့ အတူ ရှေ့ဆက် လက်တွဲပြီး အလုပ်တွေ အများကြီး လုပ်သွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။
Samsung က မိုဘိုင်းဖုန်း Brand Ambassador များအဖြစ် Hip Hop အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ Bobby Soxer တို့ကို ၂၀၁၄ ခုနှစ် ကတည်းက ခန့်အပ်ထားခဲ့ပြီး ၂၀၁၇ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူ၊ မော်ဒယ် အေရီရယ်သုတ နဲ့ အဆိုတော် ပန်းရောင်ခြယ် တို့ကို ခန့်အပ်ခဲ့ပြီး အခု ခန့်အပ်လိုက်တဲ့ ဖွေးဖွေးက ၇ ဦးမြောက် Brand Ambassador ဖြစ်တယ် လို့ သိရပါတယ်။
“ကျနော်တို့ Samsung အနေနဲ့ မတူညီတဲ့ နယ်ပယ်မျိုးစုံက ပြည်သူတွေ ချစ်တဲ့ အနုပညာရှင်တွေကို သက်ဆိုင်ရာ ကုန်ပစ္စည်းတွေနဲ့အတူ လိုက်လျောညီထွေဖြစ်အောင် Brand Ambassador အဖြစ် ရွေးချယ် ခန့်အပ်တာဖြစ်ပါတယ်။ Samsung ရဲ့ ပြည်သူ့အချစ်တော် Brand Ambassador တွေနဲ့ အတူ လက်တွဲပြီး သုံးစွဲသူတွေဆီ စိတ်ဝင်စားစရာ အစီအစဉ်တွေ ယူဆောင်လာပေးမှာပါ” လို့ Samsung Myanmar ရဲ့ Head of IT and Mobile ကိုဇာနည်ဝင်းထက် က ပြောပါတယ်။
POND’s အလှကုန် Brand Ambassador တဦးလည်း ဖြစ်တဲ့ ဖွေးဖွေးဟာ လက်ရှိမှာ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “ကပ္ပိယ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး၊ ကောင်းပြည့်တို့နဲ့ အတူ တောသူမလေး “မြချစ်” အဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဒါအပြင် သရုပ်ဆောင် ဖွေးဖွေးဟာ လပ်ကီးဆဲဗင်း ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဇူလိုင်လ အတွင်း မကြာခင် ဖြန့်ချိမယ့် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးထားတဲ့ “ဘုန်းကညာ နှစ်ပါး” ရုပ်ရှင် ဇာတ်ကားကြီးမှာ သရုပ်ဆောင် မြင့်မြတ်နဲ့အတူ ပါဝင် သရုပ်ဆောင်ထားတယ် လို့ သိရပါတယ်။ ။