အတ္တလန်တိတ် သမုဒ္ဓရာကို ဖြတ်ပြီး မိုင်ယာမီ ကမ်းခြေကနေ အနောက်ပိုင်း ဒေသတွေရဲ့ ပယ်လယ်ပြင်မှာ တနာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ မောင်းနှင်နိုင်မယ့် အမြန်ရေယာဉ်ကို မိုင်ယာမီ အခြေစိုက် Miami Vice နဲ့ ဂျာမနီ အခြေစိုက် နာမည်ကျော် ကားကုမ္ပဏီ Mercedes Benz ရဲ့ ပူးပေါင်း ဖန်တီးလိုက်ပါတယ်။
အမြန်ရေယာဉ်ရဲ့ စွမ်းဆောင်ရည်နဲ့ မော်ဒယ်ကို တွေ့လိုက်ရင် သင့် အနေနဲ့ မျက်နှာ မလွှဲနိုင်လောက်အောင် ဆွဲဆောင် နေမှာ သေချာပါတယ်။ ဒီအမြန်ယာဉ်ကို မောင်းမယ် ဆိုရင်တော့ နေကာဖို့ထက် လေကာဖို့ မျက်မှန် ကောင်းကောင်းလေး ကြိုတင် ဝတ်ဆင်ထားဖို့ လိုပါတယ်။ စွမ်းဆောင်ရည်နဲ့ မောင်းနှင်ရမှုတွေက လေထန်ထန်မှာ စွန်လွှတ်ရသလို စိတ်လှုပ်ရှား ရသလို ရေထဲမှာ မောင်းနှင် သွားလာရမှု အရမ်းပဲ ညင်သာကောင်းမွန်လွန်းပါတယ် လို့ Mercedes ရဲ့ ဒီဇိုင်း ဒါရိုက်တာ Gorden Wagener က မှတ်ချက်ပေးပါတယ်။
အမြန်ရေယာဉ် ထုတ်လုပ်မှု သက်တမ်း ၁၀ နှစ်လောက် ရှိနေပြီ ဖြစ်တဲ့ Miami Vice နဲ့ စွမ်းဆောင်ရည်မြင့် အင်ဂျင်တွေ ထုတ်လုပ်တဲ့ Mercedes တို့က အခုလို အမြန်ရေယာဉ် ထုတ်လုပ်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပြီး G-Class SUV မော်ဒယ်ရယ်၊ Vision GT လို အစမ်းထုတ် မော်ဒယ်တွေရယ် လျှပ်စစ်စနစ်နဲ့ သွားတဲ့ SLS တံခါးနှစ်ပေါက် စနစ် မော်ဒယ်တွေရဲ့ ဖန်တီးမှုကို အခြေခံယူ ရေးဆွဲလာခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။
အမြန်ရေယာဉ်ကတော့ ကိုယ်ထည်ပိုင်းမှာ ပေါ့ပါးအောင် ကာဗွန်ဖိုက်ဘာသားကို သုံးထားတယ်၊ မြင်းကောင်ရေ ၃၁၀၀ အား ထိအောင် ထုတ်လုပ်ပေးနိုင်တဲ့ အင်ဂျင်ကို တပ်ဆင်ထားတယ်၊ အမြန်ဆုံးနှုန်းအနေနဲ့ တနာရီ ၁၃၅ မိုင်ထိအောင် မောင်းနှင်နိုင်မယ်၊ အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်လုပ်လာမယ်၊ ဒါက အမြန်ရေယာဉ်နဲ့ ပတ်သတ်လို့ မိတ်ဆက်လာတာပါ။
ထူးခြားတာက အမြန်ရေယာဉ်နဲ့ အတူ One Set ပုံစံနဲ့ ကားကိုပါ ထုတ်လုပ်လာမယ်၊ မျက်နှာစာ အကျယ်အဝန်း များများနဲ့ AMG GT-R ပြိုင်ကား မော်ဒယ်ပါ။ သူက မြင်းကောင်ရေ ၅၇၃ ကောင်အား ထုတ်လုပ်ပေးနိုင်တဲ့ အင်ဂျင်ကို တပ်ဆင်ထား တယ်၊ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၃ ဒသမ ၅ စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်တယ်၊ အမြန်ဆုံး အနေနဲ့ တနာရီ မိုင် ၂၀၀ ထိအောင် ရောက်မယ်၊ မော်ဒယ်ကို Green Hell အဖြစ် အမည်ပေးထားပြီး ဂျာမနီထုတ် ကားတွေထဲက အကောင်းဆုံး တန်းဝင် ဖြစ်အောင် ဖန်တီးသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။
ဂျာမနီ ကားထုတ်လုပ်သူတွေက ဘာကြောင့် ဖလော်ရီဒါက ရေယာဉ် ထုတ်လုပ်သူတွေနဲ့ ပေါင်းပြီး အမြန်ရေယာဉ် ထုတ်လုပ်ရပါသလဲ။ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ကို ရယူပြီး ယာဉ်တွေကို မြေပေါ်မှာရော ရေပေါ်မှာပါ အကောင်းဆုံး ထုတ်လုပ်နိုင်တာကို ပြချင်တာကြောင့် ဖြစ်နိုင် သလို ပိုလိုပြိုင်ပွဲတွေမှာလည်း Mercedes က စပွန်ဆာတွေ ပေးထားတ တွေ့ရတာကြောင့် အဲဒီ ကြော်ငြာမိတ်ဆက်က တဆင့် လူသိများလာပြီး အခုလို ဇိမ်ခံ အမြန် ယာဉ်တွေကို လိုချင်သူတွေ အတွက်ပါ အဆင်ပြေအောင် ထုတ်လုပ်လာပုံ ရပါတယ်။
ဒါကြောင့်လည်း Wagener က Mercedes ဆိုတာ ကားထုတ်လုပ်တဲ့ ကုမ္ပဏီသာ မဟုတ်ပါဘူး၊ ခေတ်ရှေ့ပြေး ဇိမ်ခံယာဉ် အားလုံးကို အကောင်းဆုံး ဖြစ်အောင် ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီပါလို့ ပြောပါတယ်။
Ref: www.architecturaldigest.com