ကြွေလွင့်သွားခဲ့ပေမယ့် ပရိသတ်ရဲ့ ရင်ထဲမှာ ဒီနေ့ထက်ထိတိုင်ရှိနေဆဲ ငွေကြယ်ပွင့်တဦးဖြစ်ကာ ကိုသားကြီးလို့ ချစ်စနိုးခေါ်ဝေါ်ခဲ့ကြတဲ့ သရုပ်ဆောင် အကယ်ဒမီ ဒွေး ကွယ်လွန်ခဲ့တာ ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့ဆိုရင် ၁၀ နှစ် ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့တဲ့ ဒွေးက အသက်အရွယ်အားဖြင့် ၄၂ နှစ်သာ ရှိသေးပြီး သူချစ်သော အနုပညာလောကမှ အချိန်မတိုင်ခင် နှုတ်ဆက်ထွက်ခွာသွားခဲ့တာပါ။
သရုပ်ဆောင် ဒွေး ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အဖြစ် ချစ်သောသူများအားလုံးအတွက် သူ့ရဲ့ဇနီးဖြစ်သူ မိုးမိုးက ပွဲတခု စီစဉ်ထားပါတယ်။ အဲဒါကတော့ လှည်းတန်းစင်တာမှာ ပြုလုပ်သွားမှာဖြစ်ပြီး သရုပ်ဆောင် ဒွေးရဲ့ ပန်းချီကားများ၊ အဝတ်အစားများ၊ အမှတ်တရပစ္စည်းများကို လေလံတင်ရောင်းချသွားမှာ ဖြစ်ကာ ရရှိတဲ့ ငွေကြေးများကို ဒွေးလှူဒါန်းခဲ့တဲ့ ဘုရားများ၊ ကျောင်းများအား ပြုပြင်မွမ်းမံကာ ဒွေးအတွက် ကုသိုလ်ကောင်းမှုများ ပြုလုပ်သွားမယ်လို့ ဇနီးဖြစ်သူ မမိုးမိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားပါတယ်။
အဆိုပါ ဒွေးအမှတ်တရပွဲကိုတော့ ဇူလိုင်လ ၂၁ ရက်နေ့ လှည်းတန်းစင်တာတွင် ညနေ ၄ နာရီမှ ၇ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒွေးဟာ ရုပ်ရှင် သရုပ်ဆောင်ဘက်တင်သာမကဘဲ တေးသီချင်းသီဆိုမှုပိုင်းမှာလည်း ပရိသတ်များ နှစ်ခြိုက် အားပေးခြင်းခံခဲ့ရပြီး အောင်မြင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။