၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသည့် ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲကြီး ၂၀၁၇ (Golden Belt Championship Lethwei 2017) နိုင်ငံတကာ အထူးစိန်ခေါ်ပွဲကို သိမ်ဖြူရိုးရာ လက်ဝှေ့အားကစားရုံကြီးတွင် ၁၆.၇.၂၀၁၇ ရက်မှ ၂.၈.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ၁၆.၇.၂၀၁၇ ရက်နေ့တွင် မြန်မာနိုင်ငံမှ ဖျံသွေးနှင့် ထိုင်းနိုင်ငံမှ Iquezang တို့ ထိုးသတ်သွားမည်ဖြစ်ပြီး ကြိုတင်လက်မှတ်များကို ကျောက်တံတားမြို့နယ် ၃၆ လမ်းရှိ ဇော်ပစ်တိုင်းထောင်ဗွီဒီယိုထုတ်လုပ်ဖြန့်ချိရေးတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။
၂။ တင်မောင်ဆန်းမင်းဝင်းနှင့် မင်းရွှေရောင်တင် ရွှေမန်းသဘင်မိုးရာသီအပတ်စဉ်အထူးဖျော်ဖြေပွဲ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် အပတ်စဉ် သောကြာ၊ စနေနေ့ည ၇ နာရီအချိန်တွင် တင်ဆက်သွားမည်ဖြစ်သည်။ ဖျော်ဖြေပွဲ လက်မှတ်များကို ဖုန်း ၀၉-၇၉၂၈၆၆၃၇၀ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရသည်။
၃။ ပြင်သစ်ယဉ်ကျေးမှုဌာနနှင့် မင်္ဂလာရုပ်ရှင်ရုံတို့ ပူးပေါင်းပြသသည့် Serls ရုပ်ရှင်ကားကို အင်းစိန်လမ်းမကြီး၊ ဂမုန်းပွင့်ဈေးဝယ်စင်တာရှိ မင်္ဂလာရုပ်ရှင်ရုံတွင် ၁၂.၇.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ပြသသွားမည်ဖြစ်သည်။ ပြင်သစ်ဘာသာစကားပြော အင်္ဂလိပ်စာတန်းထိုးဇာတ်ကားဖြစ်ပြီး လက်မှတ်ဈေးနှုန်းမှာ ၁၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ သတ်မှတ်ထားကြောင်းသိရသည်။
၄။ စင်ကာပူနိုင်ငံမှ ဂီတပညာရှင် Daniel Chia ၏ ဂီတဖျော်ဖြေပွဲကို ကမ်းနားလမ်းရှိ Union Bar and Grill တွင် ၁၃.၇.၂၀၁၇ ရက်နေ့ ည ၇ နာရီခွဲတွင် ပြုလုပ်သွားမည်ဖြစ်သည်။ Daniel Chia ၏ အောင်မြင်ထင်ရှားသော တေးဂီတများကို ဖျော်ဖြေသွားမည်ဖြစ်ပြီး နားဆင်လိုသူများသည် ဖုန်း ၀၉-၂၅၀၃၅၅၀၆၄ သို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်းသိရသည်။
၅။ ပြင်သစ်အမျိုးသားနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကို စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ အမှတ် ၂၇၁-၂၇၃ ရှိ The Penthouse တွင် ၁၄.၇.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ပြင်သစ်ချိစ်ဘူဖေး သုံးဆောင် နိုင်မည်ဖြစ်ပြီး ပါဝင်ဆင်နွှဲလိုသူများသည် ဖုန်းနံပါတ် ၀၉-၇၇၁၂၃၉၉၂၄ သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။
၆။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ တက်ရောက်နိုင်ရန်အတွက် ပညာရေးဆွေးနွေးပွဲကို Sule Shangri-La Hotel တွင် ၁၅.၇.၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီတွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။ Shu KhinnThar International College မှ ဦးစီးကျင်းပသော အဆိုပါ ပညာရေးဆွေးနွေးပွဲအား မည်သူမဆို အခမဲ့တက်ရောက်နိုင်ပြီး ဖုန်းနံပါတ် ၀၉-၉၇၀၁၃၄၀၄၁ သို့ ဆက်သွယ်စာရင်းပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
၇။ ဂျက်စ်ဂီတကို ခံစားနားဆင်နိုင်မည့် Beer and Jazz ဂီတပွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ည ၇ နာရီတွင် ပန်းလှိုင်လမ်းရှိ Mahlzeit restaurant တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်ကြောင်းသိရသည်။
၈။ Pop ယဉ်ကျေးမှုလက်ရာများကိုထင်ဟပ်ပြသမည့် ROc and Roll အနုပညာပြပွဲကို ဘိုကလေးဈေးလမ်းရှိ Myanm/art အနုပညာပြခန်းတွင် ၁၅.၇.၂၀၁၇ မှ ၂၉.၇.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ အနုပညာပြပွဲတွင် 9Micro, Bart Was Not Here , Wunna Aung တို့၏ Pop အနုပညာဖန်တီးမှုများကို ကြည့်ရှုကြရမည်ဖြစ်သည်။
၉။ ပန်းချီသန်းဌေးရဲ့ Beauty Is In Our Own Hands ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ နဝဒေးသာလာ ပန်းချီပြခန်းတွင် ၈.၇.၂၀၁၇ မှ ၁၄.၇.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ရှမ်းပြည်နယ်နှင့် အညာဒေသရှုခင်းများပါဝင်သော ကော်လိတ်ပန်းချီ ၁၄ ကားပြသသွားမည်ဖြစ်ကြောင်းသိရသည်။
၁၀။ ပန်းချီဆရာ ၄၀ ကျော်ပါဝင်ပြသမည့် Charity for Bagan ပန်းချီပြပွဲကို ကမ္ဘာအေးဘုရားလမ်း၊ ချင်းချောင်း နန်းတော်ရှိ Myanmar Art Centre Gallery တွင် ၁၅.၇.၂၀၁၇ မှ ၁၈.၇.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပန်းချီ ပြပွဲတွင် လက်ရာစုံပန်းချီကားပေါင်းများစွာကိုပြသသွားမည်ဖြစ်ပြီး ရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းအား ငလျင်ဒဏ်သင့် ပုဂံဘုရားပုထိုးများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။