လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်လောက်တုန်းက ဆိုရင် ပန်းချီသန်းဌေးဟာ သူ့ဖန်တီးထားတဲ့ ပန်းချီလက်ရာတွေကို ဂျပန်နိုင်ငံ Chi Ba ခရိုင် Urayasu မြို့လေးက အမှိုက်ပုံးတွေထဲ ကြိမ်ဖန်များစွာ စွန့်ပစ်ခဲ့ရပါတယ်။ စက်မှုလက်မှု အတတ်သင်ယူဖို့ ဂျပန်နိုင်ငံကို သွားရောက်ခဲ့တဲ့ ပန်ချီသန်းဌေးဟာ အတူနေ ဂျပန်မိတ်ဆွေ တဦးရဲ့ အကူအညီနဲ့ ဆေး၊ ကင်းဗတ်စ်တွေ ဝယ်ယူပြီး အားလပ်ချိန်တွေမှာ ပန်းချီ ရေးဆွဲလေ့ရှိပါတယ်။ သို့ပေမယ့် ပန်းချီကားကို ထားသို ထိန်းသိမ်းဖို့ နေရာ အခက်အခဲ ရှိတာကြောင့် ပန်းချီကားများစွာကို ရပ်ကွက်ထဲက အမှိုက်ပုံမှာ မကြာခဏ ပစ်ခဲ့ရပါတယ်။
တနေ့တော့ သူ စွန့်ပစ်လိုက်တဲ့ အမှိုက်ပုံထဲက ပန်းချီကားတွေကို မြင်ပြီး နှစ်သက်သွားတဲ့ ဂျပန်အဖိုးကြီး တယောက်ရဲ့ ဆက်သွယ်ပေးမှုနဲ့ ပန်းချီ သန်းဌေးဟာ Urayasu မြို့လေးက ပန်းချီပြပွဲတွေမှာ ဝင်ရောက်ပြသရင်း ဂျပန်ပန်းချီလောကမှာ သူ့ရဲ့ အောင်မြင်မှု မှတ်တိုင်တွေကို စိုက်ထူနိုင်ပြီး ပန်းချီဆုတွေကို စတင် စတင်သိမ်းပိုက်ပါတော့တယ်။
နောက် တိုကျိုမြို့တော်မှာ တကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်လာနိုင်ခဲ့ပြီး ဂျပန်နိုင်ငံတကာ ပန်းချီဆရာများအသင်းနဲ့ အတူ တိုကျိုမြို့တော် ပြတိုက်မှာ ပြုလုပ်တဲ့ နိုင်ငံတကာ အနုပညာပြပွဲမှာ ဝင်ရောက်ပြသနိုင်ခဲ့ပါတယ်။ အဲဒီပြပွဲမှာပဲ အကောင်းဆုံး ပန်းချီကားဆုနဲ့ အကောင်းဆုံး ပန်းချီရေးနည်းစနစ်ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပန်းချီ သန်းဌေးဟာ ဂျပန်နိုင်ငံ Artist Friendship Association of Asia ရဲ့ အသင်းဝင် တဦး ဖြစ်လာခဲ့ပြီး ပီကင်းအမျိုးသားပြတိုက်၊ ကိုရီယား အမျိုးသားပြတိုက်တွေမှာ သူ့ရဲ့အနုပညာ လက်ရာတွေကို စုဆောင်းပြသတာတွေလည်း ရှိပါတယ်။
အခုတော့ ပန်းချီ သန်းဌေးဟာ သူ့ရဲ့ ၁၆ ကြိမ်မြောက် တကိုယ်တော် ပန်းချီ ပြပွဲဖြစ်တဲ့ Beauty Is In Our Own Hands လို့ အမည်ပေးထားတဲ့ တကိုယ်တော် ပန်းချီ ပြပွဲကို ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းမှာ ရှိတဲ့ နဝဒေးသာလာ ပန်းချီပြခန်းမှာ ဇူလိုင် ၈ ကနေ ၁၄ ရက်နေ့အထိ ပြသနေပါတယ်။
ပန်းချီ သန်းဌေးဟာ ဒီပြပွဲပြုလုပ်နိုင်ဖို့ အတွက် မြန်မာနိုင်ငံ ဒေသအနှံ့အပြားက ပြည်သူတွေရဲ့ ဘဝပုံရိပ်တွေ ပါဝင်တဲ့ ဓာတ်ပုံ ၃၀၀ ကျော်ကို မိတ်ဆွေတွေဆီက အပါအဝင် အင်တာနက်က တဆင့် စုဆောင်းနိုင်ခဲ့ပါတယ်။ “ဓာတ်ပုံတွေ ဒီထက် ပိုရရင်တော့ ပိုကောင်းတာပေါ့” လို့ သူက ဆိုပါတယ်။
စုဆောင်းထားတဲ့ ဓာတ်ပုံ များစွာကို ကွန်ပျူတာနဲ့ စိတ်ကြိုက် အရောင်တွေ အမျိုးမျိုးရအောင် ပြုပြင်ဖန်တီးပြီး ပရင့်ထုတ်ပါတယ်။ နောက် ရှမ်းပြည်နယ်နဲ့ အညာဒေသရှုခင်း၊ လူနေမှုဘ၀ သရုပ်ဖော်ပုံ ကောက်ကြောင်းတွေ ရေးဆွဲထားတဲ့ ကင်းဗတ်စ်ပေါ်မှာ collage နည်းနဲ့ ကပ်ပြီး ဖန်တီးပါတယ်။ နောက်ဆုံး ကောလာ့ဂျ် ပန်းချီကား ပြီးသွားပြီ အရောင်အမျိုးမျိုး၊ Tone အမျိုးမျိုးခွဲကာ ကပ်ထားတဲ့ ဓာတ်ပုံတွေ ပြန်မကွာအောင် ချုပ်ဆေးအရည်နဲ့ မှုတ်ပြီး ခိုင်မြဲစေတယ်လို့ သိရပါတယ်။
“ဒီ collage နည်းပညာကို အသုံးပြု ဖန်တီးထားတဲ့ ၄ ပေ ၅ ပေအရွယ် ပန်းချီကား ၁၄ ကားကို သေချာကြည့်ရင် ရာချီတဲ့ ဓာတ်ပုံတွေကို တွေ့ရမှာပါ။ ဓာတ်ပုံတွေထဲမှာ တောင်တန်းဒေသ တိုင်းရင်းသားတွေ၊ ရဟန်းသံဃာတွေ၊ ကလေးသူငယ် တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေ ပါဝင်တယ်” လို့ ပန်းချီ သန်းဌေးက ပြောပါတယ်။
ပန်းချီကားတွေ ဖန်တီးရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ပန်းချီသန်းဌေးက “မြန်မာပြည်က ရှုခင်းပုံတွေရယ်၊ မြန်မာပြည်က လူတွေရယ်ကို ပေါင်းစပ်ပုံဖော်ကြည့်ချင်တာပါ”လို့ ဆိုပါတယ်။
ထူးထူးခြားခြား နာမည်ကျော် ဓမ္မရံကြီး ပန်းချီကား ကတော့ ဖွင့်ပွဲနေ့မှာပဲ ဈေးဦးပေါက် ဝယ်ယူအားပေးသွားတယ်လို့ သိရပါတယ်။
ပန်းချီပြပွဲကို လာရောက် ကြည့်ရှုတဲ့ ပန်းချီ စံမင်းကတော့ “သူကတော့ သူ့လက်ရာတွေကို အမြဲတမ်း ပြောင်းနေတာပဲ။ ဒီပွဲမှာ အကြောင်းအရာက တို့ တွေ့နေကျပဲ၊ ဒါပေမယ့် Technique (နည်းစနစ်) ကတော့ တို့ကို ဖမ်းစားတယ်။ ဓာတ်ပုံတွေ ကို သုံးပြီး ဖန်တီးထားတာပေါ့၊ ဒါ ဘယ်သူမှတော့ မလုပ်ကြသေးဘူး။ တခြားလူတွေ လုပ်တယ် ဆိုတာ ပိုက်ဆံကပ်ရင် ကပ်မယ်ပေါ့” လို့ သူ့ရဲ့ထင်မြင်ချက်ကို ပြောပါတယ်။
ဒီပြပွဲနာမည်ကို ပေးခဲ့တဲ့ Curator ကိုပြည့်ဝေကလည်း “ပန်းချီ သန်းဌေးက ရှုခင်းပုံတွေကတော့ ရေးနေကျပဲလေ။ ဒီပြပွဲမှာ ရှုခင်းကား လှလှလေးတွေနဲ့ လူပုံတွေကို တွဲဖက်ပြီး ရေးထားတယ်။ ကျနော် စပ်ဆက်ပြီးတော့ တွေးကြည့်တာ၊ အလှအပ တွေကို ဖန်တီးတဲ့ သူ့လို လူမျိုး…၊ အပြင်လောကက လူတွေလည်း ကိုယ့်ပတ်ဝန်းကျင်ကို လှအောင် ဖန်တီးကြမယ် ဆိုရင် ကျနော်တို့ ပတ်ဝန်းကျင်က လှနေမှာပေါ့ နော်။ အဲဒါကြောင့် အလှအပဆိုတာ ကျနော်တို့ လက်ထဲမှာပဲ ရှိတယ် လို့ စိတ်ကူးရမိ သွားတာပါ” လို့ ဆိုပါတယ်။
နဝဒေးသာလာ ပြခန်းမှာ တကိုယ်တော်ပြပွဲ ပြသနေချိန်မှာပဲ ဂျပန်အင်တာနေရှယ်နယ် ပြတိုက် ပန်းချီပြိုင်ပွဲမှာ တင်သွင်း ပြသတဲ့ ပန်းချီ သန်းဌေးရဲ့ ပန်းချီကားက ဆုရရှိခဲ့ပါတယ်။
တချိန်က ဂျပန်နိုင်ငံ Urayasu မြို့လေးက အမှိုက်ပုံမှာ သူ့ရဲ့ ပန်းချီလက်ရာ များစွာ စွန့်ပစ်ခဲ့ရပေမယ့် အခုချိန်မှာတော့ သူ့ရဲ့ပန်းချီကားတွေကို ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူ၊ ပီကင်း၊ ရှန်ဟိုင်း၊ ကိုရီယားနဲ့ အမေရိကန်နိုင်ငံတွေရှိ ပန်းချီပြခန်းနဲ့ ပြတိုက်တွေက ဝယ်ယူစုဆောင်းနေပါပြီ။
ပန်းချီ သန်းဌေးရဲ့ Beauty Is In Our Own Hands ပန်းချီပြပွဲကို ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းမှာ ရှိတဲ့ နဝဒေးသာလာ ပန်းချီပြခန်းမှာ ဇူလိုင် ၁၄ ရက်နေ့ အထိ ပြသသွားမှာ ဖြစ်ပြီး အခုပွဲမှာ ပြသထားတဲ့ ပန်းချီကား တချပ်ကို တချပ် ဈေးနှုန်း က ဒေါ်လာ ၂၅၀၀ သတ်မှတ်ထားတယ် လို့ သိရပါတယ်။ ။