Lifestyle

တတိယမြောက်စီးရီးမှာ ဘဝသီချင်းတွေများတယ်လို့ ဆိုတဲ့ အောင်လ

အဆိုတော် အောင်လက သူ့ရဲ့တတိယမြောက် တေးစီးရီးမှာ အချစ်သီချင်းတွေထက် ဘဝသီချင်း အများစု ပါဝင်တယ်လို့ ပြောပါတယ်။

“ဂီတပိုင်းက ရင့်ကျက်တဲ့ ပုံစံလေးတွေပါလာပြီ။ အချစ်သီချင်းက နည်းသွားပြီးတော့ ဘဝသီချင်းက များလာမယ်။ ၁၃ ပုဒ်မှာ ၃ ပုဒ်လောက်ပဲ အချစ်သီချင်းပါလာမယ်။ ကျန်တာက ဘဝသီချင်းတွေပဲ” လို့ အောင်လက ပြောပါတယ်။

“အသုံးတော်ခံ” လို့ အမည်ပေးထားတဲ့ အဆိုတော်အောင်လရဲ့တေးစီးရီးဟာ သူ့ရဲ့မွေးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထွက်ရှိသွားမှာဖြစ်ပြီး သီချင်းစုစုပေါင်း ၁၃ ပုဒ် ပါဝင်မယ်လို့လည်း သိရပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့မှာ ထွက်ရှိမယ့် ဝိုင်းစုခိုင်သိန်းရဲ့ “မယ်သီတာ” တေးစီးရီးမှာလည်း အောင်လက သီချင်း ၂ ပုဒ် ပါဝင်ရေးသားပေးထားပြီး “မင်းအနားရှိချင်” ဆိုတဲ့ စုံတွဲသီချင်းတပုဒ်ကိုလည်း သီဆိုပေးထားပါတယ်။

ချစ်သူဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းနဲ့ တွဲဖက်ပြီး တေးစီးရီးခွေလုပ်ဖို့ရှိသလားဆိုတော့ “နှစ်ယောက်တည်းအခွေ လုပ်ဖို့ကတော့ ကျနော်က Rock သူက Pop ဆိုတော့လေ၊ နောက်ပိုင်းတော့ မပြောတတ်သေးဘူး။ အခု လောလောဆယ်တော့ မရှိသေးပါဘူး။ အိပ်မက်တွေကတော့ ရှိပါတယ်။ သေချာသွားရင်တော့ ပြောပြပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူဆိုတာ ပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး။ ညှိနှိုင်းနေတုန်းပါ” လို့ အောင်လက ပြောပါတယ်။

တေးရေး၊ တေးဆို အောင်လဟာ “တောင်းပန်ပါတယ်”နဲ့ “အချိန်လွန်ငှက်”ဆိုတဲ့ တေးစီးရီးနှစ်ခွေ ထွက်ရှိထားပြီး မကြာခင်မှာ ထွက်ရှိလာမယ့် “အသုံးတော်ခံ” ဆိုတဲ့ တေးစီးရီးကိုလည်း ပရိသတ်တွေဆီ အရောက်ပို့ပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Loading