မိန်းကလေးတွေရဲ့အသည်းစွဲ Kylie အလှကုန်ပစ္စည်းတွေရောင်းချနေတဲ့ ကိုင်လီဂျန်နာတယောက် အခုတခါ Quay Australia ဆိုတဲ့နာမည်ကြီးမျက်မှန်အမှတ်တံဆိပ်နဲ့ပူပေါင်းပြီး နေကာမျက်မှန်ရောင်းချနေပြီလို့ သိရပါတယ်။
QuayXKylie ဆိုတဲ့ ကိုယ်ပိုင်တံဆိပ်နဲ့ ကိုင်လီဟာ အရောင်တောက်တောက် မျက်မှန်ကိုင်းခပ်ကြီးကြီး ဒီဇိုင်းတွေနဲ့ နေကာမျက်မှန်တွေ ရောင်းချနေတာပါ။ ဈေးနှုန်းကတော့ ၇၅ ဒေါ်လာကနေ ဒေါ်လာ ၈၀ အတွင်းရောင်းချမှာဖြစ်ပြီး မျက်မှန်တွေကို ဇူလိုင်လ ၁၁ ရက်နေ့ အင်္ဂါနေ့မှာ quayaustralia.com ဆိုတဲ့ ဝက်ဆိုဒ်ကနေ မှာယူလို့ရနိုင်ပြီလို့ သိရပါတယ်။
“Quay Australia တံဆိပ် နေကာမျက်မှန်ကို တပ်တာကြာပါပြီ။ အခုတခေါက်တော့ ကိုယ်ပိုင်တံဆိပ်နဲ့ နေကာမျက်မှန် ထုတ်ရမယ်ဆိုတော့အရမ်းပျော်ပါတယ်။ ပရိသတ်တွေနဲ့အတူ တံဆိပ်အတွက် ရင်ခုန်နေပါတယ်” လို့ ကိုင်လီက ဖွင့်ဟခဲ့ပါတယ်။
Quay Australia ရဲ့တည်ထောင်သူ Linda Hammond က “ကိုင်လီနဲ့လက်တွဲရလို့ ဝမ်းသာပါတယ်၊ လူမှုကွန်ရက်မှာ သူမရဲ့ အောင်မြင်မှုကို ဘယ်သူမှလိုက်မမီပါဘူး၊ ပရိသတ်တွေအပေါ်မှာလည်း သူမအနေနဲ့ အားကျ အတုယူ နိုင်အောင်ဆွဲဆောင်နိုင်တယ်” လို့ သူက ဆိုပါတယ်။
“နေကာမျက်မှန်က လူကိုပိုလှစေပါတယ်၊ ခေတ်မီပြီး ပုံစံမတူအောင်လို့ မျက်မှန်ကိုင်းတွေကို ပုံစံမတူအောင် ထုတ်ထားပါတယ်။ ကိုင်းတွေမှာ ကိုင်လီကို ကိုယ်စားပြုချင်လို့ K ဆိုတဲ့ စာလုံးလေးတပ်ထားပါတယ်” လို့ ကိုင်လီဂျန်နာက ပြောဆိုပါတယ်။
ကိုင်လီအနေနဲ့ ဖက်ရှင်နဲ့ပတ်သက်လို့ အခုမှ နေကာမျက်မှန်ထုတ်တာမဟုတ်ပါဘူး။ ဒီနှစ်အစောပိုင်းလောက်မှာလည်း အမဖြစ်သူ ကန်ဒယ်လ်နဲ့အတူ အဝတ်အစားတွေရောင်းချခဲ့ပါသေးတယ်။ သိပ်မကြာသေးခင်ကလည်း အနုပညာရှင်တွေရဲ့ခွင့်ပြုချက်မရဘဲ သူတို့ရဲ့ရုပ်ပုံတွေနဲ့ အဝတ်အစားတွေ အွန်လိုင်းမှာရောင်းချခဲ့တဲ့အတွက် အနုပညာရှင်တချို့ကိုတောင်းပန်ခဲ့ရပါတယ်။
ကိုင်လီက သူရဲ့အင်စတာဂရမ်မှာလည်း မျက်မှန်အတွက် #QuayXKylie ဆိုပြီးကြော်ငြာထားပါသေးတယ်။
ကိုင်လီဂျန်နာဟာ အင်စတာဂရမ်မှာ ပရိသတ်အများဆုံး ၁၀ ယောက်ထဲတွင် ပါဝင်ပါတယ်။
Ref: usmagazine.com
သုန္ဒြီဆီလျော်အောင် ဘာသာပြန်ဆိုသည်။